News

POST TAGGED AS

ကားမှတ်တိုင်

ဇွန်လမှစ၍ အဆင့်မီ ဘတ်စ်ကားမှတ်တိုင် ၃၅၀ ကို ပထမအဆင့် ဦးစားပေး တည်ဆောက်မည်
ရန်ကုန်၊ မေ ၉

ရန်ကုန်မြို့၌ အသစ်လဲလှယ်မည့် နိုင်ငံတကာ အဆင့်မီ ဘတ်စ်ကားမှတ်တိုင် ၅၀၀ အနက် လုပ်ငန်းစီမံချက်အရ ပထမအဆင့်အနေနှင့် မှတ်တိုင် ၃၅၀ကို မြို့တွင်း မြို့နယ်များတွင် ဇွန်လဆန်းမှစ၍ ဦးစားပေး တည်ဆောက်မည်ဖြစ်ကြောင်း ရန်ကုန်တိုင်း အစိုးရအဖွဲ့မှ အကြီးတန်းအရာရှိတစ်ဦးက ပြောကြားသည်။

“တင်ဒါအောင်ကုမ္ပဏီနဲ့ သဘောတူ စာချုပ်မှာလည်း ပါပြီးသားပါ။ လျာထားချက်က လာမယ့်နှစ် နိုဝင်ဘာလမှာ မှတ်တိုင် အားလုံး အသစ်လဲလှယ်ပြီး ဖြစ်ရမယ်”ဟု ၎င်းကဆိုသည်။

အဆင့်မီ ဘတ်စ်ကားမှတ်တိုင် တစ်ခုစီတွင် ခရီးသည်များ ဘတ်စ်ကား စောင့်ဆိုင်းပါက မှတ်တိုင်သို့ ဆိုက်လာသော ဘတ်စ်ကားနံပါတ်နှင့် အချိန်ခန့်မှန်းချက်ကို ဖော်ပြပေးမည့် LED Screen တပ်ဆင်မည်ဖြစ်ပြီး ကွန်ပျူတာ၊ လက်ကိုင်ဖုန်း၊ USB ပလပ်ပေါက်များ ထားရှိပေးမည့်အပြင် ရန်ကုန်မြို့နှင့် ပတ်သက်သော သတင်းအချက်အလက်များကို ဖော်ပြသည့် ဆိုင်းဘုတ်နှင့် ကြော်ငြာဆိုင်းဘုတ်များ ပါရှိမည်ဖြစ်ကြောင်း တင်ဒါအောင်မြင်ထားသည့် FMI Decaux ကုမ္ပဏီထံမှ သိရသည်။

ထိုသို့ ဘတ်စ်ကားမှတ်တိုင်များ အဆင့်မြှင့်တင်ဆောင်ရွက်ရန် ယခုနှစ် ဇန်နဝါရီလ ၂၀ ရက်က ပြင်သစ်နည်း ပညာ JCDecaux ကုမ္ပဏီနှင့် ပြည်တွင်း FMI ကုမ္ပဏီတို့ ပူးပေါင်း ဖွဲ့စည်းထားသည့် FMI Decaux ကုမ္ပဏီကို ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက တင်ဒါခေါ်ယူရွေးချယ်ခဲ့ခြင်းဖြစ်ပြီး ဘတ်စ်ကားမှတ်တိုင်တစ်ခုလျှင် ကျပ်သိန်း ၃၅၀ ခန့် အသုံးပြု တည်ဆောက်မည်ဖြစ်ကြောင်း ရန်ကုန် တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့က ပြောကြားထားသည်။

“ကမ္ဘာ့အဆင့်မီ ဘတ်စ်ကား မှတ်တိုင်မျိုးတွေ ရန်ကုန်မြို့မှာ ဖော်ဆောင်မှာပါ”ဟု FMI Decaux ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ရန်ကုန်မြို့တွင် အဆင့်မီ ဘတ်စ်ကား မှတ်တိုင် တည်ဆောက်ရေးလုပ်ငန်း အပါအဝင် ကြော်ငြာလုပ်ငန်း၊ ရန်ကုန်မြို့၏ သတင်းအချက်အလက်များကို ဖော်ပြမည့် ဆိုင်းဘုတ်တင်ဆင်ရေးလုပ်ငန်း အားလုံးကို နှစ် ၂၀ စီမံကိန်းဖြင့် FMI Decaux ကုမ္ပဏီက လုပ်ကိုင်ခွင့်ရရှိခဲ့ခြင်းဖြစ်သည်။

J-17



FOLLOW US