News

POST TAGGED AS

ကားတင်သွင်းခွင့်

ယာဉ်စိစစ်ရေးလုပ်ငန်းများပြီးလျှင် ပါကင်ထောက်ခံချက်မလိုဘဲ ယာဉ်သွင်းခွင့်ပြုမည်
ရန်ကုန်၊ စက်တင်ဘာ ၁

ရန်ကုန်တိုင်းဒေသကြီးအတွင်း မှတ်ပုံတင်ထားသည့်ယာဉ်များ ပြန်လည် စိစစ်ခြင်းနှင့် လိုင်စင်မဲ့ယာဉ်များ ဝင်ရောက်မှုကို စစ်ဆေး အရေးယူပြီးမှသာ ပါကင်ထောက်ခံချက် မလိုဘဲ ယာဉ်တင်သွင်းခွင့်
ပြုမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှု အာဏာပိုင်အဖွဲ့ အတွင်းရေးမှူး ဒေါက်တာမောင်အောင်က ပြောကြားသည်။

ကားပါကင် ထောက်ခံချက်ပါရှိမှ ယာဉ်တင်သွင်းသည့် စနစ်ကို ရပ်ဆိုင်းခဲ့သည်မှာ ငါးလခန့်ကြာမြင့်ခဲ့ပြီး ရန်ကုန်ကား တင်သွင်းခွင့် မူဝါဒကို ပြန်လည် ခွင့်ပြုနိုင်ရန် ရက်အတိအကျ မပြောနိုင်သေးကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

"လောလောဆယ် ယာဉ်ကြောပိတ်ဆို့မှုကို အဓိကထား ဖြေရှင်းနေပါတယ်။စည်းကမ်းပိုင်း အရေးယူတာက အခုမှ စတင် အရေးယူတာဆိုတော့ အခုက လိုင်စင်မဲ့ယာဉ်တွေ အရေးယူ
ဆောင်ရွက်နေတယ်။ ယာဉ်တင်သွင်းခွင့်ကို ပိတ်ထားတာ မဟုတ်ပါဘူး။ ပြန်လည်ဖွင့်ပေးမယ်။ ဒါပေမဲ့  အချိန်ကာလတစ်ခုတော့ စောင့်ရပါမယ်" ဟု ၎င်းက ဆိုသည်။

ရန်ကုန်တိုင်းတွင် တရားဝင်မှတ်ပုံတင်ထားသည့် ယာဉ်အစီးရေထက် များပြားနေပြီး လိုင်စင်မဲ့ မော်တော်ယာဉ် များပြားလာခြင်း၊ နယ်လိုင်စင်ယာဉ်များ မောင်းနှင်လာမှု များပြားနေခြင်းကို စိစစ်အရေးယူပြီးမှသာ ယာဉ်တင်သွင်းခွင့်ကို ပြန်လည် ခွင့်ပြုပေးသွားမည်ဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီးတွင် ယခုနှစ် ဇန်နဝါရီလမှ သြဂုတ်လအထိ ဖမ်းဆီးရရှိမိသည့် လိုင်စင်မဲ့ မော်တော်ယာဉ် ၅၈ စီးရှိပြီး အဆိုပါ ယာဉ်များကို ပြည်သူပိုင် သိမ်းဆည်းကာ
လေလံပစ်သွားမည်ဖြစ်ကြောင်း အမှတ်(၂) ယာဉ်ထိန်းရဲ တပ်ဖွဲ့ခွဲမှူးရုံးထံမှ သိရှိရသည်။

ရန်ကုန်မြို့ ယာဉ်ကြောပိတ်ဆို့မှုကို လျော့နည်းစေရန် ၂၀၁၅ခုနှစ် ဇန်နဝါရီ ၁ ရက်မှ စတင်ကာ ရန်ကုန်လိပ်စာဖြင့် ဖရီးပါမစ်ယာဉ်များ တင်သွင်းခြင်းကို ကားပါကင် ထောက်ခံချက်ဖြင့် ကန့်သတ် ခွင့်ပြုခဲ့သော်လည်း ယင်းစနစ်ကို ၂၀၁၆ခုနှစ်၊ ဧပြီလမှစတင် ရပ်ဆိုင်းခဲ့သည်။

"ရန်ကုန် ကားပါကင် ထောက်ခံချက် ရပ်ဆိုင်းထားတာ အခုဆို ငါးလနီးပါးရှိပြီ။ ကားတင်သွင်းခွင့် မရတဲ့အတွက် အရောင်းအဝယ် ခက်ခဲမှုတွေ ဖြစ်နေတယ်။ ရောင်းတဲ့သူတွေက ရန်ကုန်ဝယ်လက် နည်းတဲ့အတွက် နယ်ဝယ်လက်တွေကို ပိုပြီး အာရုံစိုက်နေရတယ်။ ကားပါကင် ထောက်ခံချက် ပြန်ခွင့်ပြုရင်တော့ ကားဈေးကွက် အခြေအနေ တစ်မျိုးပြောင်းလဲသွားမှာပါ" ဟု ဝါရင့် ကားဝယ်ရောင်း ဦးကျော်ကျော်က ဆိုသည်။



FOLLOW US