News

POST TAGGED AS

ကာကွယ်ရေး

ပြည်နယ်နှင့်တိုင်းများတွင် ရင်ခွင်မဲ့ကလေးငယ်များ လျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်းများ ဖွဲ့စည်းမည်


မန္တလေး၊ ဇွန် ၂၀

ပြည်နယ်နှင့်တိုင်းများတွင် ရင်ခွင်မဲ့ကလေးငယ်များ လျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်းများ ဖွဲ့စည်းမည်ဖြစ်ကြောင်း ရင်ခွင်မဲ့လျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေး အသင်းထံမှ သိရသည်။

မန္တလေးမြို့တွင် မကြာမီဖွင့်လှစ်မည့်  Mandalay Convention Centre ၌ ဇွန်လ ၂၀ ရက်နေ့ကပြုလုပ်သည့် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီ၏ ဦးဆောင်မှုဖြင့် ရင်ခွင်မဲ့ကလေးငယ်များလျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေး ပြည်နယ်နှင့် တိုင်းအသင်းခွဲများ ဖွဲ့စည်းရေးတွေ့ဆုံဆွေးနွေးပွဲတွင် ယင်းအသင်းဥက္ကဋ္ဌ ဒေါ်မေယဉ်ထွန်းက ပြောကြားခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် ရင်ခွင်မဲ့ကလေးငယ်များလျှော့ချနိုင်ရန်နှင့် ကာကွယ်စောင့်ရှောက်နိုင်ရန် ဆောင်ရွက်ရာတွင် ပြည်နယ်နှင့်တိုင်းများအလိုက် အသင်းခွဲများ ဖွဲ့စည်းထားပါက ရေရှည်တွင်ထိရောက်စွာ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

“ကလေးတွေကို ဘာကြောင့် စွန့်ပစ်ရသလဲဆိုတော့ တာဝန်မယူနိုင်တဲ့ ကိုယ်ဝန်တွေ ရလာတဲ့အတွက်ကြောင့်လို့ ယူဆတယ်။ မိဘတွေအနေနဲ့တာဝန်မယူနိုင်တဲ့အတွက် စွန့်ပစ်ခံရတယ်။ သားဆက်ခြားနည်းတွေ၊ ကိုယ်ဝန်ဆောင်တာနဲ့ဆိုင်တဲ့ အသိပညာတွေပေးနိုင်ရင် စွန့်ပစ်ကလေးငယ်တွေ လျော့ကျသွားမယ်” ဟု ရင်ခွင်မဲ့လျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်း တွဲဖက်အထွေထွေအတွင်းရေးမှူး ဒေါက်တာပြုံးမို့အိက ဖြည့်စွက်ပြောကြားသည်။

Mandalay Convention Centre တွင်ပြုလုပ်သည့် ရင်ခွင်မဲ့ကလေးငယ်များ လျှော့ချရေးနှင့်ကာကွယ်စောင့်ရှောက်ရေး ပြည်နယ်နှင့်တိုင်းအဆင့် အသင်းခွဲများဖွဲ့စည်းရေး တွေ့ဆုံဆွေးနွေးပွဲသို့ မန္တလေးမြို့ရှိ လူမှုရေးအဖွဲ့အစည်းများ၊ ဌာနဆိုင်ရာများ အပါအဝင်အသင်း အဖွဲ့ပေါင်း ၄၀ ခန့် တက်ရောက်ခဲ့ကြသည်။ 

M-05



FOLLOW US