News

POST TAGGED AS

ကာကွယ်ရေး

KIA အဖွဲ့က မြစ်ကြီးနား-ဆွမ်ပရာဘွမ် - ပူတာအို လမ်းပိုင်း လမ်းလုပ်သားများကို ဖမ်းဆီးထားဟုဆို
နေပြည်တော်၊ ဇန်နဝါရီ ၃၁

ကချင်လက်နက်ကိုင်အဖွဲ့ (KIA) က ကချင်ပြည်နယ်၊ မြစ်ကြီးနား-ဆွမ်ပရာဘွမ်-ပူတာအို ဆက်သွယ်ထားသောလမ်းကြောင်းကို ဖျက်ဆီးခဲ့ပြီး လမ်းလုပ်သားများအား ဖမ်းဆီးထားကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။

မန်းပြည်တံခွန်ကုမ္ပဏီက လမ်းပြုပြင်ရေး ဆောင်ရွက်လျက်ရှိသော လမ်း လုပ်သားများ နေထိုင်ရာနေရာသို့ ဇန်နဝါရီလ ၂၉ ရက်၊ နံနက် ၄ နာရီခန့်၌ KIA တပ်ဖွဲ့ဝင်က လာရောက်ကာ အဆိုပါလမ်းပိုင်းကိုဖြတ်တောက်၍ ကုမ္ပဏီမှ အလုပ်သမားများနှင့်ယာဉ်များကို အဆိုပါနေရာတွင် ဖမ်းဆီးထားပြီး ဖုန်းများအား သိမ်းဆည်းထားကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက ထုတ်ပြန်ခဲ့သည်။

ဖမ်းဆီးသွားသည့် လမ်းလုပ်သား အရေအတွက်နှင့်ပတ်သက်၍ အတိအကျ ထုတ်ပြန်ထားခြင်းမရှိဘဲ KIA ဌာန ချုပ်ကလည်း ယင်းသို့ ပြုလုပ်ခဲ့ခြင်းမရှိကြောင်း ငြင်းဆိုထားသည်။

အဆိုပါ လမ်းပိုင်းနေရာတွင် မြေဖြတ်ကျင်းများကိုတူးကာ လမ်းကြောင်းကို ဖြတ်တောက်ခဲ့ခြင်းဖြစ်ပြီး မော်တော်ယာဉ်များ သွားလာနိုင်ခြင်းမရှိဘဲ မော်တော်ဆိုင်ကယ်နှင့် လူများသာ သွားလာနိုင်ပြီး လမ်းပြုပြင်ရေး လုပ်ငန်းများ ဆက်လက် ဆောင်ရွက်နိုင်ခြင်း မရှိစေရန် KIA တပ်ဖွဲ့ဝင်များက စောင့်ကြည့်လျက်ရှိကြောင်း ယင်းထုတ်ပြန်ချက်အရ သိရသည်။

ထို့ပြင် ယင်းဖြစ်စဉ်နေရာ ပတ်ဝန်းကျင်တစ်ဝိုက်အား တပ်မတော်စစ်ကြောင်းများမှ နယ်မြေရှင်းလင်းခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း တပ်မတော်ထံမှ သိရသည်။

ကချင်ပြည်နယ် တနိုင်းဒေသအတွင်း တပ်မတော်နှင့် ကချင်လွတ်လပ်ရေးအဖွဲ့ (KIA) တို့ ဖြစ်ပွားနေသည့် တိုက်ပွဲများအတွင်း KIA အကောက်ခွန်ဂိတ်နှင့် စခန်းငယ်တစ်ခုကို တပ်မတော်က သိမ်းပိုက်ခဲ့ကြောင်း ပြီးခဲ့သည့်ရက်ပိုင်းက တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက ထုတ်ပြန်ခဲ့သည်။

ကချင်ပြည်နယ် တနိုင်းမြို့နယ်အတွင်းက တရားမဝင် သဘာဝတွင်းထွက်လုပ်ကွက်များကို တပ်မတော်က နယ်မြေရှင်းလင်းလျက်ရှိပြီး KIA လက်နက်ကိုင်အဖွဲ့နှင့် တိုက်ပွဲများ ယခု ရက်ပိုင်းအတွင်း ဆက်တိုက်ဖြစ်ပွားနေခြင်းဖြစ်သည်။

ကချင်ပြည်နယ် တနိုင်းဒေသတွင် ဇန်နဝါရီလ ၂ ရက်မှစ၍ တပ်မတော်က စတင် နယ်မြေရှင်းလင်းခဲ့ရာ ထိတွေ့မှု ၁၀ ကြိမ်၊ မိုင်းဖြစ်စဉ် ၃ ကြိမ်ဖြစ်ပွားခဲ့ကာ KIA တပ်ဖွဲ့၏ အကောက်ခွန်ဂိတ် ၁ ခု၊ စခန်းငယ် ၁ ခုနှင့် လက်နက်ခဲယမ်းများ သိမ်းပိုက်ရရှိခဲ့ကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက ထုတ်ပြန်ခဲ့သည်။

J-08



FOLLOW US