News

POST TAGGED AS

ကာကွယ်ရေး

28-Jan-2018

မြစ်ကြီးနား KIA
တနိုင်းဒေသ လေကြောင်းတိုက်ခိုက်မှုကြောင့် မှော်လုပ်သားအချို့ ဒဏ်ရာရ
မြစ်ကြီးနား၊ ဇန်နဝါရီ ၂၇

ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်အတွင်းရှိ ဇီးဖြူကုန်း ပယင်းမှော်အတွင်း ကေအိုင်အေတပ်စခန်းရှိရာသို့ တပ်မတော်က လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် စခန်းတစ်ခုပျက်စီး၍ မှော်လုပ်သား ဒေသခံအချို့ ဒဏ်ရာရရှိခဲ့ကြောင်း ပယင်းမှော်ဒေသခံများထံမှ စုံစမ်းသိရှိရသည်။ 

ဇန်နဝါရီလ ၂၆ ရက်နေ့ ညနေပိုင်းက ဇီးဖြူကုန်း ပယင်းမှော်တောင်ကုန်းပေါ်ရှိ ကေအိုင်အေတပ်စခန်းငယ်တစ်ခုကို တပ်မတော်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ယင်းစခန်းအောက် အနီးအနား ပယင်းတူးဖော်နေသူအချို့ကို ထိမှန်ခဲ့ကြောင်း၊ ယင်းပစ်ခတ်မှုကြောင့် ဒေသခံလေးဦးဒဏ်ရာရ၍ တစ်ဦးသေဆုံးခဲ့ကြောင်း အဆိုပါဒေသခံတစ်ဦးက ပြောကြားသည်။

“မနေ့က လေယာဉ်နှစ်စင်းလာပြီးတော့ လာပစ်သွားတယ်။ ဇီးဖြူကုန်းမှော်ကို လေယာဉ်နဲ့ပစ်ပြီးတဲ့နောက် မိုင်းခွန်ကနေလားမသိဘူး လက်နက်ကြီးတွေနဲ့ ပြန်ပစ်တယ်”ဟု ၎င်းက ဆိုသည်။ 

အဆိုပါ လေကြောင်းတိုက်ခိုက်မှုကြောင့် ယင်းပယင်းမှော်အတွင်း လုပ်ကိုင်သူများအနေဖြင့် အသက်အန္တရာယ် ထိခိုက်လာမည်ကို စိုးရိမ်နေကြရပြီး မြို့ပေါ်ဒေသခံများအနေဖြင့်လည်း ယင်းမှော်သို့ သွားရောက်လုပ်ကိုင်နေသည့် ၎င်းတို့၏မိသားစုဝင်များကို စိုးရိမ်ပူပန်လျက်ရှိနေကြောင်း တနိုင်းမြို့ပေါ်မှ ဆရာဦးနော်တောင်က ပြောကြားသည်။

“ကျွန်တော့်ကို ဖုန်းဆက်တာတော့ ဇီးဖြူကုန်းမှာကျတယ်လို့ ဆက်တယ်။ ဒီနေ့တော့ မကြားရသေးဘူး။ ထိခိုက်ဒဏ်ရာ ရတဲ့လူတွေကိုတော့ တနိုင်းဆေးရုံကို ပို့လိုက်ပြီလို့ပြောတယ်”ဟု ၎င်းက ဆိုသည်။ 

အဆိုပါပယင်းမှော်အတွင်း ဇန်နဝါရီလ ၂၆ ရက်နေ့က တပ်မတော်လေယာဉ်နှစ်စင်း ဝေဟင်ပေါ်ပျံနေရသည်ကိုမြင်နေရပြီး ပစ်ခတ်သံများလည်း ကြားရကြောင်း၊ ယင်းပစ်ခတ်မှုကြောင့် ဒေသခံများ ထိခိုက်ဒဏ်ရာရမှုနှင့် ပတ်သက်၍ သတင်းမကြားရသေးကြောင်း တနိုင်းမြို့နယ်မှ ကချင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဝင်းက ပြောကြားသည်။

အဆိုပါ ပယင်းမှော်အတွင်း ပစ်ခတ်မှုများကြောင့် ထိခိုက်ဒဏ်ရာရရှိသူ လေးဦးရှိပြီး ၎င်းတို့သည် တနိုင်းပြည်သူ့ဆေးရုံတွင် ဆေးကုသမှု ခံယူနေကြောင်း၊ အသေးစိတ်ဖြစ်စဉ်ကိုမူ မသိရှိရသေးကြောင်း တနိုင်းမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးထံမှ စုံစမ်းသိရှိရသည်။

တနိုင်းမြို့နယ်အတွင်းရှိ ထန်းပရား မှော်၊ ဝမ်းပလာမှော်၊ အောင်လွတ်မှော်၊ တုံမဏီမှော်၊ ချောင်းဆုံမှော်၊ နန်ဗြူမှော်၊ ဂျာအောင်ဘာမှော်၊ ဇီးဖြူကုန်းမှော်၊ ညောင်ပင်ကုန်းနှင့် နမ့်ကွမ်းမှော်တို့တွင် နယ်မြေရှင်းလင်းမည်ဖြစ်၍ ထွက်ခွာပေးရန်နှင့် မထွက်ခွာပေးပါက KIA အဖွဲ့နှင့် ပူးပေါင်းသူများအဖြစ် သတ်မှတ်မည်ဖြစ်ပြီး နယ်မြေရှင်းလင်းသည့်အခါ ဒေသခံများ ထိခိုက်ဒဏ်ရာရရှိမှုများ ဖြစ်လာမည်ကို မလိုလားကြောင်း တပ်မတော်က ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် ဇွန်လ ၅ ရက်နေ့က သတိပေးအကြောင်းကြားထားသည်။ 

အဆိုပါမှော်အများစုမှာ တနိုင်းမြို့မှ မိုင် ၄၀ ခန့်သာ သွားရပြီး မှော်လုပ်ကွက်အတွင်း ရပ်နီးရပ်ဝေးမှ ဒေသခံအများစုဝင်ရောက်လုပ်ကိုင်နေကြပြီး ကချင်လွတ်မြောက်ရေးတပ် KIA/ KIO ၏ ထိန်းချုပ်နယ်မြေလည်းဖြစ်သည်။

R-06



FOLLOW US