News

POST TAGGED AS

ကရင်ပြည်နယ်

06-Aug-2018

KIO တပ်မတော်
တပ်မတော်နှင့် ကေအိုင်အို တရုတ်တွင် တွေ့ဆုံ


ရန်ကုန်၊ ဩဂုတ် ၅

တပ်မတော်မှ ထိပ်ပိုင်းခေါင်းဆောင်များနှင့် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ခေါင်းဆောင်ပိုင်းတို့ တရုတ်နိုင်ငံတွင် တွေ့ဆုံခဲ့ကြောင်း ကေအိုင်အိုနှင့် နီးစပ်သည့်အသိုင်းအဝိုင်းထံမှ သိရသည်။

တပ်မတော်ဘက်မှ ကိုယ်စားလှယ်အဖွဲ့ကို ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် ဦးဆောင်ကာ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးအင်ဘန်လနှင့် ဗိုလ်ချုပ်ဂွမ်မော်တို့ကို တရုတ် - မြန်မာ နယ်စပ်ရှိ Dali မြို့တွင် ဩဂုတ်လ ၅ ရက်က တွေ့ဆုံခဲ့ခြင်းဖြစ်ကြောင်း KIO ဥက္ကဋ္ဌဟောင်းဖြစ်သူ ကချင်ပြည်နယ် ဒီမိုကရေစီပါတီဥက္ကဋ္ဌ ဒေါက်တာတူးဂျာက ပြောကြားသည်။

“တွေ့တာက ဒီနေ့တွေ့တာ (ဩဂုတ် လ ၅ ရက်) တွေ့ဖြစ်တာ သေချာတယ်။ ဘယ်လိုရလဒ်ထွက်လဲတော့ ကျွန်တော်တို့ မသိရသေးဘူး။ တွေ့ဖြစ်တာတော့ သေချာတယ်” ဟု ၎င်းက ဆိုသည်။

ယင်းတွေ့ဆုံမှုကို KIO ၏သတင်းနှင့် ပြန်ကြားရေးတာဝန်ခံကလည်း အတည်ပြုပေးခဲ့ပြီး ဆွေးနွေးချက်အကြောင်းအရာများကို သတင်းထုတ်ပြန်ဌာနကို ပေးပို့ထားခြင်း မရှိသေးကြောင်း အဆိုပါဌာန ဒုတိယဗိုလ်မှူးကြီးနော်ဘူက ပြောကြားသည်။

“အခုလောလောဆယ်ကတော့ သွားတွေ့တယ်ဆိုတာလောက်ပဲ ကျွန်တော်တို့ ပြောလို့ရမယ်။ သတင်းအချက်အလက်တော့ ဘာမှမရှိသေးဘူး။ သူတို့ ပြန်လာမှပဲ သိရမယ်” ဟု ၎င်းက ဆိုသည်။

ကချင်လွတ်လပ်ရေးအဖွဲ့ (KIO/KIA) သည် ပြီးခဲ့သည့် တတိယအကြိမ်ပင်လုံညီလာခံသို့ မြောက်ပိုင်းအဖွဲ့များနှင့်အတူ တက်ရောက်လာခဲ့ပြီးနောက် NCA လက်မှတ်ထိုးရန် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်လာခဲ့ခြင်း ဖြစ်သည်။

၂၁ ရာစုပင်လုံညီလာခံသို့ KIO မှ ဗိုလ်ချုပ်ဂွမ်မော်ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့တက်ရောက်ခဲ့ခြင်းဖြစ်ပြီး နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် သီးခြားစီတွေ့ဆုံခဲ့သည်။

အဆိုပါညီလာခံသို့ တက်ရောက်လာခဲ့သည့် ဗိုလ်ချုပ်ဂွမ်မော်က အပစ်ရပ်လက်မှတ်ထိုးရေးအတွက် ပြောရန်စောနေသေးပြီး ဆွေးနွေးရန်လိုသေးကြောင်း ပြောကြားခဲ့သည်။

ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) သည် တိုင်းရင်းသားလက်နက်ကိုင် ခုနှစ်ဖွဲ့ဖြင့် ဖွဲ့စည်းထားသည့် “ဝ” တပ်ဖွဲ့ (UWSA) ဦးဆောင်သည့် နိုင်ငံရေးဆွေးနွေးမှုကော်မတီ FPNCC ကော်မတီတွင်လည်း အဖွဲ့ဝင်အဖြစ် ပါဝင်နေသည်။

KIO အဖွဲ့သည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) စာချုပ်ကို စတင်ဆွေးနွေးစဉ်က ပါဝင်ခဲ့သော အဖွဲ့လည်းဖြစ်ပြီး နောက်ပိုင်းတွင် တစ်ကျော့ပြန်တိုက်ပွဲများကြောင့် အစိုးရနှင့် ဆက်ဆံရေး ပြန်လည်အေးစက်သွားခဲ့ခြင်းဖြစ်သည်။

J-08



FOLLOW US