News

POST TAGGED AS

ကရင်ပြည်နယ်

ရေဘေးသင့် ကရင်ပြည်နယ်အတွက် မျိုးစပါး တင်း ၃၀၀၀ ဖြန့်ဖြူးမည်


ရန်ကုန်၊ ဇူလိုင် ၂၉

ကရင်ပြည်နယ်အတွင်း ဇူလိုင်လ ၂၃ ရက်နေ့မှစကာ မိုးအဆက်မပြတ်ရွာသွန်းမှုများကြောင့် မိုးစပါးစိုက်ဧကများပျက်စီးခဲ့သဖြင့် ရေများပြန်လည်ကျဆင်းသွားပါက အရန်မျိုးစပါးတင်း ၃၀၀၀ နှင့် မျိုးစေ့ချစက်ကိရိယာများ ဖြန့်ဖြူးပေးရန် ပြင်ဆင်ထားပြီးဖြစ်ကြောင်း ကရင်ပြည်နယ် စိုက်ပျိုးရေးဦးစီးဌာနထံမှ သိရသည်။

ကရင်ပြည်နယ်အတွင်း နှစ်စဉ်မိုး စပါးဧက လေးသိန်းကျော်စိုက်ပျိုးခဲ့ရာ ယခုနှစ်မိုးစပါးရာသီအတွက် ဧက တစ်သိန်းကျော် စိုက်ပျိုးပြီးဖြစ်ကာ မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် မိုးစပါးစိုက်ဧရိယာ ၁၁,၃၆၃ ဧက၊ မိုးစပါးအစေ့ထုတ်ပြောင်း ၁၆၇၇ ဧက၊ မိုးမြေပဲနှင့် ဟင်းသီးဟင်းရွက် စိုက်ခင်းများ ရေကြီးနစ်မြုပ်မှု တွေ့ ကြုံနေရကြောင်း ယင်းဦးစီးဌာနထံမှသိရသည်။

အဆိုပါ ရေကြီးရေလျှံမှုကြုံတွေ့နေရသည့် စိုက်ခင်းများ အထွက်နှုန်းကျဆင်းမှု မဖြစ်ပေါ်စေရန်အတွက် ရေများပြန်လည်ကျဆင်းပါက ပိုးမွှားရောဂါများ ကာကွယ်နှိမ်နင်းနိုင်ရေး၊ ပျက်စီးသွားသည့် စိုက်ခင်းများတွင် အချိန်မီအစားထိုး ပြန်လည်စိုက်ပျိုးနိုင်ရန် အရန်မျိုးများစုဆောင်းထားရန်နှင့် လိုအပ်သည့်ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးနိုင်ရန် ပြင်ဆင်ထားပြီးဖြစ်ကြောင်း ကရင်ပြည်နယ်၊ စိုက်ပျိုးရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးဝင်းလှိုင်က ပြောကြားသည်။ 

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်တွင် မျိုးစေ့ချစက် ၁ စီး၊ မျိုးစေ့ချကိရိယာ ၄ ခု၊ ဆေးဖျန်းစက် ၂ လုံး၊ အရန်မျိုးစပါး တင်း ၅၀၀၊ ကြာအင်းဆိပ်ကြီးမြို့နယ်တွင် မျိုးစေ့ချစက် ၁ စီး၊ မျိုးစေ့ချကိရိယာ ၂ ခု၊ ဆေးဖျန်းစက် ၂ လုံး၊ အရန်မျိုးစပါးတင်း ၅၀၀ ကိုလည်းကောင်း၊ ဘားအံမြို့နယ်တွင် မျိုးစေ့ချစက် ၂ စီး၊ မျိုးစေ့ချကိရိယာ ၂ ခု၊ ဆေးဖျန်းစက် ၁ လုံး၊ အရန်မျိုးစပါးတင်း ၁၀၀၀ နှင့် လှိုင်းဘွဲ့မြို့နယ် သိုလှောင်ရုံတွင် အရန်မျိုးစပါးတင်း ၁၀၀၀ ကိုလည်းကောင်း သိုလှောင်ထားပြီးဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

ရေပြန်လည်ကျဆင်းပါက ပစ္စည်းများဖြန့်ဖြူးပေးခြင်းနှင့် နည်းပညာအကူအညီများ ပေးအပ်မည်ဖြစ်ပြီး စိုက်ပျိုးရေးပညာရှင်များက လိုအပ်သည့်ကူညီပံ့ပိုးမှုများ ကွင်းဆင်းဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ကရင်ပြည်နယ် စိုက်ပျိုးရေးဦးစီးဌာနထံမှ သိရသည်။

J-11



FOLLOW US