News

POST TAGGED AS

ကယ်လီဖိုးနီးယား

ဘုတလင်တွင် ဆီသယ်ယာဉ်နှစ်စီး မီးလောင်၊ အမျိုးသားတစ်ဦး သေဆုံး


ရွှေဘို၊ ဇူလိုင် ၃၀

စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်တွင် ဇူလိုင်လ ၂၉ ရက်နေ့ ညနေပိုင်းက ရေနံစိမ်းချက်လုပ်ပြီးသား ဒီဇယ်များကို ဆီသယ်ယာဉ် တစ်စီးထဲသို့ ထည့်ရာမှ ရှော့ခ်ဖြစ်၍ ဆီသယ်ယာဉ်နှစ်စီး မီးလောင်ခဲ့ရာ အမျိုးသားတစ်ဦးသေဆုံးခဲ့ကြောင်း မုံရွာခရိုင်၊ မီးသတ်ဦးစီးဌာနထံမှ စုံစမ်းသိရှိရသည်။

ယင်းနေ့က ဘုတလင်မြို့မြောက်ဘက်၊ မုတ်ဖိုကျေးရွာအုပ်စု၊ လက်ပံမြောက် ကျေးရွာအနီး၊ ဆပ်ပြာကျင်းကွင်းအနီးရှိ ရေနံချက်ဖိုတွင် ဆီသယ်ယာဉ်နှစ်စီး မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီး အသက် ၃၃ နှစ်အရွယ် ဆီကိုယ်စားလှယ် အမျိုးသားသေဆုံးခဲ့ကြောင်း အဆိုပါဌာနထံမှ သိရသည်။

အဆိုပါရေနံချက်ဖိုသို့ ရေနံစိမ်း ဂါလန် ၃၀၀၀ ပါ ၂၂ ဘီးယာဉ်နှင့် ဒီဇယ်လာသယ်သည့် ဆီမပါ ၂၂ ဘီးယာဉ်တို့ ယှဉ်ရပ်ထားပြီး ဆီသယ်ယာဉ်ထဲသို့ ချက်လုပ်ပြီး ဒီဇယ်များကို အင်ဂျင်ဖြင့် တွဲလျက်အသုံးပြုသည့် အော်တိုပန့်မှတစ်ဆင့် နှစ်လက်မ ပလတ်စတစ်ပိုက်ဖြင့် ထည့်သွင်းရာ ပွတ်တိုက်မှုကြောင့် သဘာဝတည်ငြိမ် လျှပ်စစ်ဖြစ်ပေါ်ပြီး မီးလောင်ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း မုံရွာခရိုင်၊ မီးသတ်တပ်ဖွဲ့မှ ခရိုင်ဦးစီးမှူး ဦးညီညီဇော်က ပြောကြားသည်။

ယင်းမီးလောင်မှုနှင့်ပတ်သက်၍ ဘုတလင်ရဲစခန်းက (ပ)၁၁၅/၂၀၁၈ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၂၈၅/၃၀၄-က ဖြင့် ဦးနောင်တင့် မန်နေဂျာ၊ ဦးမောင်ဇော် ၃၀ နှစ်၊ ယာဉ်မောင်း (ထွက်ပြေး) နှင့် ဦးအောင် ၂၇ နှစ်၊ ယာဉ်မောင်း (ထွက်ပြေး) တို့ကို အမှုဖွင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း အဆိုပါရဲစခန်းမှသိရသည်။ 

R-09



FOLLOW US