News

POST TAGGED AS

ကမ္ဘာ့အမွေအနှစ်

ပုဂံ ယူနက်စကိုဝင်ရန် တိုင်းအစိုးရ အဖွဲ့ရုံးတွင် ဆွေးနွေးမည်


မန္တလေး၊ ဇန်နဝါရီ ၁၈

ပုဂံရှေးဟောင်း ယဉ်ကျေးမှုဒေသ ယူနက်စကို ဝင်နိုင်ရန်အတွက် ဆောင်ရွက်မည့် အစီအမံများကို တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၌ ဇန်နဝါရီလ ၂၀ ရက်နေ့တွင် ဆွေးနွေးမည်ဖြစ်ကြောင်း မန္တလေး တိုင်းဒေသကြီး အစိုးရအဖွဲ့ထံမှ သိရသည်။

တိုင်းဒေသကြီး အစိုးရအဖွဲ့၊ ရှေးဟောင်း သုတေသနနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ပညာရှင်များ ပါဝင်သည့် ကော်မတီ၏ တွေ့ရှိချက်၊ သုံးသပ်ချက်များကို ဆွေးနွေး သွားကြမည်ဖြစ်ကြောင်း ရှေးဟောင်း သုတေသနနှင့် အမျိုးသား ပြတိုက်ဦးစီးဌာန (မန္တလေးဌာနခွဲ) တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

“ဇုန်တွေ အတိအကျ သတ်မှတ်ရင် ဒေသခံတွေအတွက် အခက်အခဲ ရှိသွားမယ်၊ ဘယ်လို ဆောင်ရွက်ကြမလဲဆိုတာ ဆွေးနွေးကြမှာ”ဟု ၎င်းက ရှင်းပြသည်။

ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေကို ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ် စာရင်းဝင် ဒေသအဖြစ် သတ်မှတ်နိုင်ရန်  အစိုးရ တာဝန်ရှိသူများ ကြိုးပမ်းနေပြီဖြစ်ရာ ယင်းကဲ့သို့ သတ်မှတ်ခြင်းဖြင့် ဒေသခံတို့၏ အသားကျနေသည့် လူနေမှုဘဝများ  ပြောင်းလဲလာနိုင်ခြင်းတို့ကို လေ့လာသုံးသပ်ရန် လိုသည့်အတွက် ဇုန်နယ်နိမိတ် ပြင်ဆင် သတ်မှတ်ရန် လိုအပ်ကြောင်း ညောင်ဦးမြို့နယ် ကိုယ်စားပြု တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်စိန်က ပြောကြားသည်။

ပုဂံဒေသကို ကမ္ဘာ့အမွေအနှစ် စာရင်း ဝင်နိုင်ရန်အတွက် ဒေသအတွင်း၌ ခြောက်လအတွင်း အဆောက်အအုံများ မတည်ဆောက်ရန်၊ တုရင်တောင်ဒေသကို ရှေးဟောင်း အမွေအနှစ်ဇုန်အဖြစ် သတ်မှတ်ရန်နှင့် ပုဂံမြို့သစ်ကို မြင်းခြံဘက်သို့ တိုးချဲ့ရန်အတွက် ယူနက်စကို ပညာရှင်များက ၂၀၁၄ ခုနှစ် အောက်တိုဘာလ အတွင်းက အကြံပြုခဲ့သည်။

ပုဂံဒေသ၌ ဘာသာ လေးမျိုးဖြင့် ရေးထိုးထားသည့် မြစေတီ ကျောက်စာ (ရာဇကုမာရ် ကျောက်စာ) ကို ကမ္ဘာ့မှတ်တမ်း အမွေအနှစ်အဖြစ် သတ်မှတ်နိုင်ရန် ယူနက်စကိုသို့ ၂၀၁၄ ခုနှစ် မတ်လ ၂၈ ရက်က တင်သွင်းခဲ့ပြီး အာရပ်စော်ဘွားများ ပြည်ထောင်စု၊ အဘူဒါဘီမြို့တွင် ၂၀၁၅ ခုနှစ် အောက်တိုဘာလက ကျင်းပသည့် ကမ္ဘာ့မှတ်တမ်း အမွေအနှစ် အစီအစဉ်၊ အပြည်ပြည်ဆိုင်ရာ အကြံပေး ကော်မတီ၏ ၁၂ ကြိမ်မြောက် အစည်းအဝေး၌ ၂၀၁၅ ခုနှစ်အတွက် ကမ္ဘာ့မှတ်တမ်း အမွေအနှစ် လျှောက်ထားမှု ၈၈ ခုအနက် မြစေတီ ကျောက်စာကို ယူနက်စကို ကမ္ဘာ့မှတ်တမ်း အမွေအနှစ် စာရင်းတွင် ထည့်သွင်း သတ်မှတ်ခဲ့သည်။

LC




FOLLOW US