News

POST TAGGED AS

ကမ္ဘာ့အမွေအနှစ်

ငလျင်ကြောင့် ပုဂံဒေသ ကမ္ဘာ့ အမွေအနှစ် စာရင်း ဝင် မဝင် မပြောနိုင်သေးဟုဆို
ညောင်ဦး၊ သြဂုတ် ၂၇

ငလျင်ဘေးဒဏ်ကြောင့် ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ် လက်ရာများ ပျက်စီး ဆုံးရှုံးမှုများရှိခဲ့ရာ ပုဂံဒေသကို ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်စာရင်း ဝင်ရောက်ရန် နှောင့်နှေးမှု ရှိ မရှိကို ပြောရန် စောသေးကြောင်း UNESCO Bangkok Office မှ Chief, Culture Unit - DOUNG Bich Hanh က ပြောကြားသည်။

ယင်းသို့ ပြောကြားနိုင်ရန် အနည်းဆုံး သီတင်း သုံးပတ်ခန့် စောင့်ဆိုင်းပြီးမှသာ ပြောကြားနိုင်မည်ဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။

“ငလျင်ကြောင့် အစိုးရနဲ့ ပြည်သူတို့ ဘယ်လို ပူးပေါင်း ဆောင်ရွက်နေတယ်၊ ဘယ်လို စီမံခန့်ခွဲနေတယ် ဆိုတာတွေကို ပြသနိုင်တယ်ဆိုရင် ကမ္ဘာ့ အမွေအနှစ် စာရင်းဝင်ဖို့ အထောက်အကူ ဖြစ်ပါတယ်”ဟု ၎င်းက ဆိုသည်။

ငလျင်ဒဏ် ခံလိုက်ရသည့် စေတီ ပုထိုးများ၏ ကြံ့ခိုင်မှုကို ဆန်းစစ်သွားရန် လိုအပ်ပြီး ယင်းသို့ လုပ်ဆောင်နေစဉ် ကာလအတွင်း ဘုရားဖူးများ အနေနှင့် စေတီပုထိုးများ အနီးသို့ သွားလာမှု ရှောင်ရှားရန် လိုအပ်ကြောင်းလည်း ၎င်းက အကြံပြု ပြောကြားသည်။

နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်က စေတီပုထိုးများ ပြန်လည် ပြုပြင်နိုင်ရန် ယူနက်စကို၏ နည်းပညာကို ရယူရန် လိုအပ်သည်ဟု ပြောဆိုခဲ့ခြင်းကို ဝမ်းမြောက်ပြီး သီတင်းပတ် အနည်းငယ်အတွင်း ဆန်းစစ်ချက်များ ရရှိလျှင် လိုအပ်သည့် အကြံဉာဏ်များ ပေးနိုင်ရန်အတွက် ဒေါ်အောင်ဆန်းစုကြည်နှင့်လည်း တွေ့ဆုံသွားမည်ဟု ၎င်းက ထပ်မံ ပြောဆိုသည်။

ယင်းအပြင် ၁၉၇၅ ခုနှစ်က ငလျင် လှုပ်ခတ်မှုကြောင့် ပျက်စီးခဲ့ရသည့် စေတီ ပုထိုးများကို ပြင်ဆင်ခဲ့ရာတွင် ရှေးဟောင်း အမွေအနှစ်များကို ကောင်းကျိုး ပြု မပြု၊ ဆိုးကျိုး ပြု မပြု စသည်တို့ကို လေ့လာရမည်ဖြစ်ပြီး မှားယွင်းစွာ ပြုပြင်ခဲ့သည့် ဒဏ်ကြောင့် ယခု ငလျင်တွင် ဆိုးဝါးစွာ ထိခိုက်ခံရခြင်း ရှိ မရှိကိုပါ ဆန်းစစ်မည်ဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြောဆိုသည်။ 



FOLLOW US