News

POST TAGGED AS

ကမ္ဘာ့ဘဏ်

မြန်မာကိုပေးမည့် အကူအညီများ ရပ်ဆိုင်းမည့်သတင်း ကမ္ဘာ့ဘဏ်ပြန်ရှင်း
ရန်ကုန်၊ ဇူလိုင် ၃

လက်ရှိဖြစ်ပွားနေသော ဘင်္ဂါလီပြဿနာကြောင့် ကမ္ဘာ့ဘဏ်မှ မြန်မာအပေါ် ပေးနေသည့် အကူအညီများနှင့် နောက်ထပ်လာမည့် စီမံကိန်းများတွင်လည်း ငွေကြေး အကူအညီများကို ရပ်ဆိုင်းထားမည် ဆိုသောသတင်းမှာ မဟုတ်မှန်ကြောင်း ကမ္ဘာ့ဘဏ်၏ မြန်မာနိုင်ငံဆိုင်ရာ ပြန်ကြားရေးတာဝန်ခံ ကိုကျော်စိုးလင်းက ဇူလိုင်လ ၃ ရက်က ပြောကြားသည်။

ဘင်္ဂါလီပြဿနာနှင့်ပတ်သက်ပြီး ဖိအားပေးသည့်အနေနှင့် မြန်မာနိုင်ငံရှိ နောက်လာမည့် စီမံကိန်းများတွင် ငွေကြေးကူညီရန် အဆိုပြုမှုအားလုံးကို ရပ်တန့်ထားမည်ဟု ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရောက်ရှိနေသည့် ကမ္ဘာ့ဘဏ်ဥက္ကဋ္ဌက ပြောကြားခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ် ဘဏ္ဍာရေးဝန်ကြီး အမ္မာမူဟစ်က ပြန်လည် ပြောကြားခဲ့သည်ဟု ဘင်္ဂလားဒေ့ရှ်နိုင်ငံထုတ် Independence သတင်းစာက ဇူလိုင် ၂ ရက်က ရေးသားထားခြင်းဖြစ်သည်။

“ကျွန်တော်တို့ က္ကဋ္ဌအနေနဲ့ အဲလိုမပြောခဲ့ပါဘူး။ ကြားထဲမှာ နားလည်မှု လွဲခဲ့သလားတော့ မသိဘူး၊ ကျွန်တော်တို့ဘက်က ပြန်လည် ဖြေရှင်းသွားမှာပါ။ လော လောဆယ်တော့ ဒီသတင်းမမှန်ဘူးဆိုတာပဲ ပြောလို့ရပါသေးတယ်”ဟု ဦးကျော်စိုးလင်းကဆိုသည်။

ကမ္ဘာ့ဘဏ်အနေနှင့် ဘင်္ဂါလီဒုက္ခသည်များနှင့် အခြားဖိနှိပ်ခံလူနည်းစုများအတွက် စီမံကိန်း ၂ ခုကလွဲပြီး မြန်မာနိုင်ငံအတွက် ဘဏ္ဍာရေးဆိုင်ရာ အကူအညီပေးရေး စီမံကိန်း အားလုံးကို ရပ်ဆိုင်းထားမည်ဖြစ်ကြောင်း ကမ္ဘာ့ဘဏ်ဥက္ကဋ္ဌက ဘင်္ဂလားဒေ့ရှ်ဝန်ကြီးကို ပြောကြားခဲ့သည်ဟု အဆိုပါသတင်းစာ၌ ဆက်လက် ဖော်ပြထားသည်။

ကမ္ဘာ့ဘဏ်သည် မြန်မာနိုင်ငံ ဖွံ့ဖြိုးရေးအတွက် အလှူငွေ၊ ချေးငွေနှင့် နည်းပညာ အကူညီများပေးရန် ဦးသိန်းစိန် အစိုးရလက်ထက် ၂၀၁၂ ခုနှစ်တွင် မြန်မာနိုင်ငံသို့ ပြန်လည် ဝင်ရောက်လာခြင်းဖြစ်ပြီး ငါးနှစ်အတွင်း လျှပ်စစ်၊ လမ်းပန်းဆက်သွယ်ရေး၊ ပညာရေး ကျန်းမာရေး စသည့်ကဏ္ဍများတွင် ဒေါ်လာသန်း နှစ်ထောင်ကျော်နှင့် ညီမျှသော ဖွံ့ဖြိုးရေး အကူအညီ၊ နည်းပညာ အကူအညီ၊ မူဝါဒ အကူအညီများ ပေးအပ်ထားကြောင်း ကမ္ဘာ့ဘဏ်၏ သတင်း အချက်အလက်များအရ သိရသည်။

ဝေလင်း



FOLLOW US