News

POST TAGGED AS

ကမန်ကျောင်းသား

ကမန်ကျောင်းသားများကို ဘင်္ဂါလီဟုအမည်တပ်သည့်ကိစ္စ အတိုင်ပင်ခံရုံးသို့စာပို့
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၆

ယခုနှစ်တက္ကသိုလ်ဝင် စာမေးပွဲဖြေမည့် ကမန်တိုင်းရင်းသား ကျောင်းသား၊ ကျောင်းသူများ၏ ခုံအမှတ်နှင့်နာမည်စာရင်း ထုတ်ပြန်ရာတွင် နာမည်၏နောက်၌ “ဘင်္ဂါလီ”ဟု အမည်တပ်ထားသည့် ကိစ္စနှင့်ပတ်သက်၍ နိုင်ငံတော်အတိုင်ပင်ခံရုံးသို့ စာပေးပို့ထားကြောင်း ကမန်တိုင်းရင်းသား လူမှုကွန်ရက်ထံမှ သိရှိရသည်။

ရခိုင်ပြည်နယ် သံတွဲမြို့နယ်အတွင်း တက္ကသိုလ်ဝင်စာမေးပွဲဖြေမည့် ကျောင်းသားများ၏ ခုံအမှတ်နှင့် အမည်စာရင်း ထုတ်ပြန်ရာတွင် ကမန်တိုင်းရင်းသား ကျောင်းသား၊ ကျောင်းသူ အနည်းဆုံး ၁၅၀ ကျော်၏ ခုံနံပါတ်များကို နာမည်အက္ခရာစဉ်အတိုင်း ထုတ်ပေးခြင်းမရှိဘဲ နာမည်၏နောက်တွင် “ဘင်္ဂါလီ”ဟု ဖော်ပြကာ သီးခြားခုံနံပါတ်များ ထုတ်ပေးကြောင်း ကမန်တိုင်းရင်းသား လူမှုကွန်ရက်ဥက္ကဋ္ဌ ဦးထွန်းငွေက ပြောဆိုသည်။

“ကမန်တိုင်းရင်းသားတွေက အစ္စလာမ်ဘာသာဆိုတာ မှန်တယ်။ ဒါပေမဲ့ တိုင်းရင်းသားအခွင့်အရေး ချိုးဖောက်ခံရတဲ့ပုံစံမျိုး ခွဲခြားဆက်ဆံခံရတဲ့ ပုံစံမျိုးဖြစ်နေလို့ ကျွန်တော်တို့ ဒီစာကိုတင်ပြရတာ ဖြစ်ပါတယ်”ဟု ဦးထွန်းငွေက ပြောကြားသည်။

ထိုသို့ ခွဲခြားဆက်ဆံခံရမှုကို ကမန်တိုင်းရင်းသား ကျောင်းသားမိဘများက ဖြေရှင်းပေးရန် အကူအညီတောင်းဆိုသဖြင့် နိုင်ငံတော်အတိုင်ပင်ခံရုံး၊ ပညာရေးဝန်ကြီးဌာန၊ ရခိုင်ပြည်နယ်ဝန်ကြီးရုံး၊ ရခိုင်ပြည်နယ်ပညာရေးမှူးရုံး၊ သံတွဲခရိုင်ပညာရေးမှူးရုံးနှင့် သံတွဲမြို့နယ်ပညာရေးမှူးရုံးများသို့ ဖေဖော်ဝါရီလ ၂၆ ရက်တွင် တင်ပြ ခြင်းဖြစ်ကြောင်း အဆိုပါကွန်ရက်ထံမှ သိရှိရသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ မြန်မာနိုင်ငံစာစစ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးညွန့်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်ထိုက်တို့ထံ ဖေဖော်ဝါရီလ ၂၆ ရက်၊ မွန်းလွဲ ၂ နာရီကျော်က ဖုန်းဆက်သွယ်မေးမြန်းရာ ဖုန်းလက်ခံဖြေကြားခြင်းမရှိပေ။

သံတွဲမြို့နယ်ပညာရေးမှူး ဦးစိုးဝင်းက သံတွဲမြို့နယ်တွင် အစ္စလာမ်ဘာသာဝင်များ ရှိသော်လည်း အေးချမ်းစွာ အတူတကွ စုပေါင်းနေထိုင်ခြင်းဖြစ်ပြီး ဘင်္ဂါလီလူမျိုးတစ်ဦးမျှ မရှိကြောင်း၊ ယခုကဲ့သို့ ဘင်္ဂါလီဟုဖော်ပြကာ ခုံနံပါတ်များ ထုတ်ပေးခြင်းသည်လည်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက ဆောင်ရွက်ခြင်းဖြစ်ကြောင်း ပြောဆိုသည်။

“ဒီမှာ အကုန်လုံး အတူတူနေကြတာပဲ။ ခွဲခြားတယ်ဆိုတာမရှိဘူး။ ဒီမှာက ခွဲခြားခွဲခြားလုပ်လို့လည်း မရဘူး။ ဘင်္ဂါလီဆိုတာလည်း မရှိဘူး။ အစ္စလာမ်ဘာသာဝင်တော့ ရှိတာပေါ့။ ဒါပေမဲ့ သူတို့က ဘင်္ဂါလီမှမဟုတ်တာ”ဟု ဦးစိုးဝင်းက ပြောကြားသည်။

ကွန်ရက်တာဝန်ရှိသူများက ဖေဖော်ဝါရီလ ၂၀ ရက်တွင် မြို့နယ်ပညာရေးမှူးကို ဆက်သွယ်၍ ဖြေရှင်းပေးရန်တောင်းဆိုခဲ့ပြီး ပညာရေးမှူးကလည်း ဘင်္ဂါလီဆိုသည့် အသုံးအနှုန်းကို ပယ်ဖျက်ပေးမည်ဖြစ်ကြောင်းနှင့် စာမေးပွဲဖြေဆိုလျှင်လည်း ကမန်ကျောင်းသားများကို ကျန်တိုင်းရင်းသားများနှင့်အတူ ဖြေခွင့်ပြုမည်ဟု သဘောတူခဲ့ကြောင်း ဦးထွန်းငွေက ဆိုသည်။

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တက္ကသိုလ်ဝင်တန်းဖြေဆိုခွင့် ကတ်ပြားများကို ဖေဖော်ဝါရီလ ၁၉ ရက်တွင် စာစစ်ဌာနအသီးသီး၌ ထုတ်ပေးခဲ့ခြင်းဖြစ်ပြီး မတ်လ ၇ ရက်မှ ၁၆ ရက်ထိ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုရမည့်ရက်အဖြစ် သတ်မှတ်ထားသည်။ ယခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ကျောင်းသား၊ ကျောင်းသူပေါင်း ၈၄၀,ဝ၀၀ ကျော်ဖြေဆိုရန် စာရင်းပေးသွင်းထားသည်။  

J-19




FOLLOW US