News

POST TAGGED AS

ကတ်တလန်

နှစ်နိုင်ငံခေါင်းဆောင်များ ထိပ်သီးဆွေးနွေးပွဲမတိုင်မီ အဆင့်မြင့်အရာရှိကြီးများ တွေ့ဆုံဆွေးနွေးရန် သဘောတူ


ဆိုးလ်၊ မတ် ၂၄

လာမည့်ဧပြီလအတွင်း တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်းနှင့် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းတို့နှစ်ဦး ထိပ်သီးဆွေးနွေးပွဲမကျင်းပမီ ယခု မတ်လ ၂၉ ရက်နေ့၌ နှစ်နိုင်ငံ အစိုးရအရာရှိကြီးများ တွေ့ဆုံဆွေးနွေးကြမည်ဖြစ်သည်ဟု တောင်ကိုရီးယားအစိုးရက ထုတ်ပြန်ကြေညာကြောင်း DW သတင်းဌာနက ရေးသားဖော်ပြသည်။

တောင်ကိုရီးယားနိုင်ငံ ပြန်လည်ပေါင်းစည်းရေးဝန်ကြီး ချိုမြောင်ဂျွန်းက အဖွဲ့ဝင်သုံးဦးပါဝင်သော ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်ပြီး နယ်စပ်ဒေသ ပန်မူဂျွန်းမြို့တွင် မြောက်ကိုရီးယားကွန်မြူနစ်အစိုးရ ကိုယ်စားလှယ်များနှင့် တွေ့ဆုံဆွေးနွေးမည်ဖြစ်သည်။ 

မြောက်ကိုရီးယားကိုယ်စားလှယ်အဖွဲ့ကိုမူ ကွန်မြူနစ်အစိုးရ၏ ကိုရီးယားရေးရာ အေဂျင်စီ ဥက္ကဋ္ဌ ရီဆွန်ဂွမ်က ဦးဆောင်မည်ဖြစ်သည်။ 

အဆိုပါ မတ်လ ၂၉ ရက်နေ့ ဆွေးနွေးပွဲတွင် နှစ်ဘက်ကိုယ်စားလှယ်များအနေနှင့် ဧပြီလနှောင်းပိုင်းတွင် ကျင်းပပြုလုပ်မည့် ခေါင်းဆောင်နှစ်ဦး၏ ထိပ်သီးဆွေးနွေးပွဲဆိုင်ရာ အစီအစဉ်များကိစ္စကို အဓိကဆွေးနွေးကြမည်ဖြစ်သည်။

ယင်းဧပြီလ ထိပ်သီးဆွေးနွေးပွဲသည် ၁၉၅၀ - ၅၃ ခုနှစ် ကိုရီးယားစစ်ပွဲပြီးဆုံးသွားပြီးနောက် နှစ်နိုင်ငံခေါင်းဆောင်များ တတိယအကြိမ်တွေ့ဆုံမှုလည်းဖြစ်သည်။

တောင်နှင့် မြောက်ကိုရီးယားနှစ်နိုင်ငံ ဆက်ဆံရေးသည် ဆိုးလ်တွင် ဖေဖော်ဝါရီလတွင်း ကျင်းပပြုလုပ်သွားသည့် ဆောင်းရာသီအိုလံပစ်ပွဲမတိုင်မီက အလွန်အမင်း ဆိုးရွားခဲ့သော်လည်း ယင်းအားကစားပွဲအပြီးတွင် တင်းမာမှုများ ပြန်လည်လျော့ကျခဲ့သလို ထိပ်သီးဆွေးနွေးပွဲများ ပြုလုပ်ရန်ပါ သဘောတူညီမှုရရှိခဲ့ကြခြင်းဖြစ်သည်။ 

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းတို့သည်လည်း လာမည့်မေလမကုန်မီ သီးခြားထိပ်သီးဆွေးနွေးပွဲတစ်ရပ် ကျင်းပပြုလုပ်ရန် စီစဉ်ထားပြီးဖြစ်သည်။

F-01



FOLLOW US