News

POST TAGGED AS

ကတ်တလန်

ကတ်တလန်ခေါင်းဆောင် ပူဒီမောင့်ကို ပြည်ပမှလှမ်း၍ အုပ်ချုပ်ခွင့်မပြုနိုင်ဟု စပိန်တရားရုံးဆုံးဖြတ်
မက်ဒရစ်၊ ဇန်နဝါရီ ၂၈

ကတ်တလန်ခွဲထွက်ရေး နိုင်ငံရေး သမားပူဒီမောင့်ကို ကတ်တလန်အစိုးရ ခေါင်းဆောင်အဖြစ် လက်မခံဘဲ ပိတ်ပင်ရန် စပိန်တရားရုံးက ဆုံးဖြတ်လိုက်သည်ဟု BBC သတင်းတွင် ဖော်ပြထားသည်။

ပုန်ကန်ရန် လှုံ့ဆော်မှုဖြင့် အောက်တိုဘာလက တရားစွဲခံရပြီးနောက် ဘရပ်ဆဲလ်သို့ ထွက်ပြေးတိမ်းရှောင်နေသူ ခွဲထွက်ရေးခေါင်းဆောင်သည် ကတ်တလန်ခေါင်းဆောင်ရာထူးအတွက် ယှဉ်ပြိုင်ရန် အဆိုပြုထားသည့် တစ်ဦးတည်းသော ကိုယ်စားလှယ်လောင်းဖြစ်သည်။

သို့သော် စပိန်အခြေခံဥပဒေခုံရုံးက ပူဒီမောင့်သည် ပြည်ပမှလှမ်း၍ ကတ်တလန်လွှတ်တော်ကို ဦးဆောင်ခွင့်မရှိကြောင်း ဆုံးဖြတ်ပေးလိုက်ပြီဖြစ်သည်။

အငြင်းပွားဖွယ် ဆန္ဒခံယူပွဲဖြင့် လွတ်လပ်ရေးကြေညာရန် ဒီမိုကရေစီနည်းကျ အခွင့်အာဏာရှိသည်ဟု သူ့ကိုယ်သူ ယူဆနေသူ ပူဒီမောင့်ကို စပိန်အာဏာပိုင်များ ပုန်ကန်မှုစွဲချက်များဖြင့် တရားစွဲဆိုထားရာ ထောင်ဒဏ် နှစ် ၃၀ အထိ ကျခံရနိုင်သည်။

ပူဒီမောင့်၏ ထောက်ခံသူများက ၎င်းသည် လက်ရှိနေထိုင်နေသော ဘယ်လ်ဂျီယံမှ ဗီဒီယိုလင့်ခ်ကဲ့သို့ ခေတ်မီနည်းပညာများ အသုံးပြုကာ အုပ်ချုပ်နိုင်သည်ဟု စောဒကတက်ခဲ့ကြသောကြောင့် စပိန်အာဏာပိုင်များက ဝရမ်းပြေးတရားခံတစ်ဦးသည် ဒေသန္တရလွှတ်တော်ကိုဦး ဆောင်ခွင့်မရှိကြောင်း ပြောဆိုငြင်းပယ်ကာ အခြေခံဥပဒေခုံရုံးသို့ တင်ပြခဲ့ခြင်းဖြစ်သည်။

အခြေခံဥပဒေခုံရုံးက မစ္စတာပူဒီမောင့်သည် ကတ်တလန်လွှတ်တော်သို့ လူကိုယ်တိုင် ရောက်မလာလျှင်ဖြစ်စေ၊ ထိုသို့လုပ်ရန် တရားရုံး၏ ခွင့်ပြုချက်ကို မရရှိလျှင်ဖြစ်စေ ကျမ်းသစ္စာကျိန်ဆိုခြင်းကို ဆိုင်းငံ့ထားမည်ဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

ထိုစီရင်ချက်ကို ကန့်ကွက်သူမရှိ တစ်ခဲနက် သဘောတူခဲ့ကြသည်ဟု တရားရုံးက ပြောကြားသည်။

နိုင်ငံရေးပဋိပက္ခဖြစ်ပွားနေသည့် ကာလအတွင်း ကတ်တလန် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကို တိုက်ရိုက် စီမံအုပ်ချုပ်နေရသည့် စပိန် ဖက်ဒရယ်အစိုးရက ထိုအကျပ်အတည်းကို ဒီဇင်ဘာလရွေးကောက်ပွဲများဖြင့် အဆုံးသတ်နိုင်မည်ဟု မျှော်မှန်းခဲ့ကြသည်။

သို့ရာတွင် ရွေးကောက်ပွဲအပြီးတွင်လည်း ခွဲထွက်ရေးပါတီများက ကတ်တလန်လွှတ်တော်တွင် နေရာအများစုကို အနိုင်ရရှိခဲ့ကြသည်။

ယခုအခါ ကတ်တလန်အစိုးရအကြီးအကဲသစ်ကို အင်္ဂါနေ့တွင် မဲပေးရွေးချယ်ကြရမည်ဖြစ်သော်လည်း ပူဒီမောင့်မှလွဲ၍ အဆိုပြုထားသော ကိုယ်စားလှယ်လောင်း မရှိသေးပေ။

F-04



FOLLOW US