News

POST TAGGED AS

ကင်ညာ

သပိတ်ကျင်း ဇရပ်ကွင်းဈေးမီးလောင်မှု ဆိုင်ခန်း ၅၀ ကျော် ဆုံးရှုံး
မန္တလေး၊ ဇွန် ၃

သပိတ်ကျင်းမြို့နယ် ဇရပ်ကွင်းကျေးရွာတွင် ဇွန်လ ၂ ရက်နေ့ညက ဈေးမီးလောင်မှုကြောင့် ဆိုင်ခန်း ၅၀ ကျော် ပျက်စီးဆုံးရှုံးခဲ့ကြောင်း မန္တလေးတိုင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။

“မီးထဲပါသွားတာကတော့ ၅၂ ခန်းပါ။ ဒါပေမဲ့ အခန်းငါးဆယ်က ကုန်စိမ်းတန်းဖြစ်တဲ့အတွက်အထဲမှာ ဘာကုန်မှမရှိတဲ့အတွက် ဆုံးရှုံးမှုနည်းပါတယ်။ အဆောက်အအုံပဲ ဆုံးရှုံးခဲ့တယ်။ နှစ်ခန်းကတော့ ကုန်စုံဆိုင်ခန်းဖြစ်တဲ့အတွက် ကုန်တွေပါ ပါသွားတယ်”ဟု တိုင်းမီးသတ်တပ်ဖွဲ့မှူး ဦးသန်းဇော်ဦးက ပြောကြားသည်။

ယင်းမီးလောင်မှုသည် ဟောင်းနွမ်းနေသည့် ဝါယာကြိုးများမှ လျှပ်စစ်ဝါယာရှော့ခ်ဖြစ်ကာ စတင်လောင်ကျွမ်းခြင်းဖြစ်ပြီး အချိန် ၄၅ မိနစ်ခန့်ကြာအောင် ငြှိမ်းသတ်ခဲ့ရကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။ 

အဆိုပါမီးလောင်မှုကြောင့် ပတ်ဝန်းကျင်နေအိမ်များသို့ မကူးအောင်တားဆီးငြှိမ်းသတ်နိုင်ခဲ့ပြီး လူများထိခိုက် ဒဏ်ရာရရှိခြင်း မရှိကြောင်း၊ အဆောက်အအုံများနှင့် ဆိုင်ခန်းနှစ်ခန်းအတွင်းမှ ကုန်ပစ္စည်းများ ဆုံးရှုံးခဲ့သည့်အတွက် ကျပ် ၇၁ သိန်းဖိုးခန့် ဆုံးရှုံးနိုင်ကြောင်း တိုင်းမီးသတ်တပ်ဖွဲ့မှူးက ခန့်မှန်းပြောဆိုသည်။

ဇရပ်ကွင်းကျေးရွာဈေးသည် ဆိုင်ခန်းပေါင်း ၁၄၄ ခန့်ရှိသည့် ဈေးကြီးတစ်ခုဖြစ်ကာ နှစ်ပေါင်း ၂၀ ကျော် သက်တမ်းရှိပြီဖြစ်ကြောင်း ယင်းကျေးရွာဒေသခံများထံမှ သိရသည်။

မန္တလေးတိုင်းအတွင်း ၂၀၁၈ ခုနှစ် ဇန်နဝါရီလမှ မေလအထိ ငါးလအတွင်း မီးလောင်မှုပေါင်း ၁၁၆ ကြိမ်ဖြစ်ပွားခဲ့ပြီး ယင်းမီးလောင်မှုများကြောင့် လူလေးဦးသေဆုံးခဲ့ရကာ ဆုံးရှုံးမှုတန်ဖိုး ကျပ် ၁၀၆ သန်း ကျော်ရှိနေပြီဖြစ်ကြောင်း တိုင်းမီးသတ်တပ်ဖွဲ့၏ မှတ်တမ်းများအရသိရသည်။  

M-04



FOLLOW US