News

POST TAGGED AS

ကချင်

04-Oct-2016

ကချင်
ကချင်ပြည်နယ်၌ အကြီးဆုံး ဗုဒ္ဓရုပ်ပွားတော် တည်ထားကိုးကွယ်မည်
မြစ်ကြီးနား၊ အောက်တိုဘာ ၎

ကချင်ပြည်နယ်၌ အကြီးဆုံး ထိုင်တော်မူဗုဒ္ဓရုပ်ပွားတော်တစ်ဆူကို မြစ်ကြီးနားမြို့ ပလန(၂)ရက်ကွက် မဇ္ဈိမမနောသုခ သာသနာပြု ကျောင်းဝင်းအတွင်း၌ တည်ထားကိုးကွယ်သွားမည်ဖြစ်ကြောင်း ယင်းဘုရား တည်ထားမှု ဖြစ်မြောက်ရေးကော်မတီထံမှ သိရသည်။

ဉာဏ်တော်အမြင့် ၈၆ပေ၊ ပလ္လင်တော်အမြင့် ၁၅ ပေရှိသော မဇ္ဈိမလာဘဗောဓိမြတ်စွာဘုရားကို ယခုနှစ် မတ်လမှစတင်တည်ထားလျက်ရှိပြီး တစ်နှစ်အတွင်းအပြီးတည်နိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ယင်းကော်မတီမှ ဒုတိယဥက္ကဋ္ဌ ဦးကောင်းမြတ်က ပြောသည်။

"ခန့်မှန်းတာကတော့ တစ်နှစ်အပြီးပေါ့။ ဒါပေမဲ့ မွမ်းမံတာတွေကတော့ ဆက်လုပ်သွားမယ်။ ဒါက ကချင်ပြည်နယ်မှာ ကျောက်စိမ်းပါဘုရားနဲ့ အကြီးဆုံးဘုရားဖြစ်တယ်"ဟု ၎င်းက ပြောသည်။

ကချင်ပြည်နယ်အတွင်းနေထိုင်ကြသော သူတော်ကောင်းအပေါင်းတို့ နေ့စဉ်ကုသိုလ်ယူနိုင်ရန်တည်ထားခြင်းဖြစ်ကြောင်းနှင့် အဆိုပါ မဇ္ဇိုမမနောသုခသာသနာပြုကျောင်းဝင်းအတွင်း၌ဘိုးဘွားရိပ်သာ၊ တရားစခန်း၊ စာသင်ကျောင်းနှင့် အခမဲ့ဆေးခန်းများလည်း တည်ဆောက်သွားမည်ဖြစ်ကြောင်း တည်ဆောက်မှုတွင် တာဝန်ယူနေသည့် ဦးဇင်း ဦးပညောဘာသက မိန့်ကြားသည်။

"ဒါကိုဦးဆောင်တာ အိန္ဒိယနိုင်ငံ ဗာရာဏသီမြို့ မိဂဒါဝုန်ကျောက်းက ဆရာတော် ဒေါက်တာ အ&ှင်နန္ဒဝံသ ဖြစ်ပါတယ်။ အခုလက်ရှိ အလှူရှင်ကတော့ ဆရာတော်ရဲ့မယ်တော် ဒေါ်မြရှင်က အဓိကပါဝင်လှူဒါန်းတာဖြစ်ပါတယ်"ဟု ဦးဇင်း ဦးပညောဘာသက မိန့်ကြားသည်။
အဆိုပါ ထိုင်တော်မူဘုရားပလ္လင်အတွင်းထားရှိရန် ကျောက်စိမ်းတန် ၁၅၀ကို ဖားကန့်ဒေသမှ လှူဒါန်းရရှိထားပြီးဖြစ်သဖြင့် မြစ်ကြီးနားသို့ သယ်ယူခွင့်ပြုထားပြီးဖြစ်ကြောင်း ကချင်ပြည်နယ် အစိုးရအဖွဲ့ရုံးထံမှ သိရသည်​။

ကချင်ပြည်နယ်နှင့် အခြားဒေသများမှ အဆိုပါဘုရားတည်ထားမှုအတွက် ပါဝင်လှူဒါန်း လိုသူများသည် ဖြစ်မြောက်ရေးကော်မတီ ဖုန်း - ၀၉ ၂၄၀၀၄၁၄၊ ၁၇၄ ၂၀၃၂၅ တို့သို့ဆက်သွယ် လှူဒါန်းနိုင်သည်။

ဓာတ်ပုံ - ရန်ကောင်း

  • VIA


FOLLOW US