POST TAGGED AS

ကချင်

21-Sep-2016

ကချင်
မိုးညှင်းမြို့နယ်တွင် တရားခံဖမ်းဆီးစဉ် ရဲတပ်ဖွဲ့ထံမှ သေနတ်လုသဖြင့် ဒုရဲမှူးတစ်ဦး ဒဏ်ရာရ
ကချင်ပြည်နယ် မိုးညှင်းမြို့နယ် မမုံကိုင်အုပ်စု မိုင်းနောင်ကျေးရွာမှ သစ်ခွဲစက်အတွင်း စက်​တင်​ဘာလ ၁၉ ရက်နေ့ နံနက် ၈ နာရီအချိန် က ဝင်ရောက်ဖမ်းဆီးရာ တရားခံမှ ပြန်လည် သေနတ်လုယူခဲ့သဖြင့် ဒုရဲမှူးတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ကချင်ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

မိုးညှင်းမြို့နယ် မူးယစ်ဆေးဝါး နှိမ်နင်းရေး ရဲတပ်ဖွဲ့မှ ဒုရဲမှူး အောင်နိုင်ဦး ဦးဆောင်သည့် အင်အား ၁၀ ဦးပါ အဖွဲ့သည် အင်းတော်ကြီးမြို့နယ် လုံးတုံကျေးရွာအုပ်စု မိုင်းနောင်ကျေးရွာမှ အနောက်ဘက် နှစ်မိုင်ခန့်အကွာ သစ်ခွဲစက်ဝင်းအတွင်း တဲခြောက်လုံး၌ သတင်းအရ မူးယစ်ဆေးဝါး သွားရောက်ဖမ်းဆီးရာမှ လူတစ်အုပ်က တုတ်၊ ဓားလက်နက်များနှင့် ခုခံပြီး တရားခံကိုပါ ပြန်လည်လုယူသွားခဲ့ကြောင်း သိရသည်။

အဆိုပါ သစ်ခွဲစက်အတွင်း တဲခြောက်လုံးကို ၀င်ရောက် စစ်ဆေးရာ တဲအနီးမှ အောင်ကျော်ဝင်းကို ခေါ်ယူစစ်ဆေးနေစဉ် အမည်မသိ လူနှစ်ဦး ထွက်ပြေးသွားပြီး နာရီဝက်အကြာတွင် အမည်မသိ လူတစ်​စုရောက်လာ၍ ဖမ်းဆီးရေး တပ်ဖွဲ့ဝင်များကို တုတ်၊ ဓားများဖြင့်​ ၀ိုင်းဝန်း ရန်ပြုသဖြင့် ဒုရဲမှူးတစ်ဦး ဒဏ်ရာရကာ ၎င်းကိုင်ဆောင်ထားသည့် ပွိုင့် ၃၂ ခြောက်လုံးပြူးတစ်လက်နှင့် ကျည် ၁၈ တောင့်တို့ကို လုယူ ထွက်ပြေးသွားကြောင်း ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

"တရားခံက ရဲဆီက သေနတ်လုပြီး ထွက်ပြေးသွားတယ်။ သေနတ်ပါတဲ့အတွက် တွေ့ရှိလို့ရှိရင် သက်ဆိုင်ရာကို အကြောင်းကြားပေးဖို့ ပြည်သူတွေကို တိုက်တွန်းလိုပါတယ်" ဟု ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူးကြီး အဆင့်ရှိသူတစ်ဦးက ဆိုသည်။

အဆိုပါ အောင်ကျော်ဝင်း ကိုင်ဆောင်ထားသည့် ကျောပိုးအိတ်မှ ဘိန်းဖြူ ၁၁၇ ဒသမ ၄၀၀၁ ဂရမ်ခန့်နှင့် စိတ်ကြွ ဆေးပြား ၂၉၈၅ ပြား၊ သံကိုယ်ထည် စနစ်တံမပါ PUZG တပ်မတော်ထုတ် BA.109 လက်ပစ်ဗုံးနှစ်လုံး၊ ဓားမြှောင်ငယ် တစ်လက်တို့ကို သိမ်းဆည်းရမိခဲ့ကြောင်း၊ ယင်းဒေသသို့ ပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးထွန်းဦး ဦးဆောင်ကွပ်ကဲမှုဖြင့် ထွက်ပြေးသွားသည့် တရားခံများကို ဖမ်းဆီးခဲ့ရာ စက်​တင်​ဘာလ ၁၉ ရက်နေ့နှင့် ၂၀ ရက်နေ့တို့တွင် နှစ်ဦးကို ဖမ်းမိနိုင်ခဲ့ကြောင်း အဆိုပါရုံးထံမှ သိရသည်။

အဆိုပါ အမှုကို ပ(၄၅)/၂၀၁၆၊ လက်နက် ဥပဒေ ပုဒ်မ ၂ (၁) (က) ဖြင့် လည်းကောင်း၊ ပ ၄၆/၂၀၁၆၊ ရာဇသတ်ကြီး ပုဒ်မ ၃၃၃/၁၁၄၊ မယ( ပ)၃၆၊ မူး/စိတ် ၁၅/ ၁၉ (က) /၂၀(က)/၂၂ (ခ) ၂၁ တို့ဖြင့်လည်းကောင်း အမှုဖွင့် အရေးယူလျက်ရှိသည်။ 

  • VIA


FOLLOW US