News

POST TAGGED AS

ကချင်

တရုတ်နိုင်ငံသို့ တရားမဝင်သစ်ခိုးထုတ်မှုဖမ်းရန် စီမံချက် ရေးဆွဲပြီးဟုဆို
နေပြည်တော်၊ စက်တင်ဘာ ၁၉

တရုတ်နိုင်ငံသို့ တရားမဝင် သစ်ခိုးထုတ်နေသော လုပ်ငန်းများကို ဖမ်းဆီးရန် စီမံချက် ရေးဆွဲပြီးပြီဖြစ်ကြောင်း သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးအုန်းဝင်းက ပြောသည်။

ကချင်ပြည်နယ် ခေါင်လန်ဖူးမြို့နယ်အတွင်းမှ တရုတ်နိုင်ငံဘက်သို့ တရားမဝင်သစ်ခိုးထုတ်နေခြင်းကို အရေးယူပေးရန် အစီအစဉ်ရှိမရှိကို ယနေ့ကျင်းပသော အမျိုးသားလွှတ်တော် အစည်းအဝေးတွင် ကချင်ပြည်နယ် မဲဆန္ဒနယ်မှ ဦးဂျေယောဝူက မေးမြန်းခဲ့ခြင်းဖြစ်ပြီး ၎င်းက အထက်ပါအတိုင်း ဖြေကြားခြင်းဖြစ်သည်။

ကချင်ပြည်နယ် ခေါင်လန်ဖူးမြို့နယ် အရှေ့ခြမ်းရှိ မြန်မာ-တရုတ်နယ်စပ် ကျောက်တိုင်အမှတ်(၃၀၊ ၃၁၊ ၃၅၊ ၄၁)တို့မှ တရုတ်နိုင်ငံသို့ တရားမဝင် သစ်များ ခိုးထုတ်နေခြင်းမှာ ယင်းနယ်မြေသည် လမ်းပန်း ဆက်သွယ်ရေးအရ ဝေးလံခေါင်ဖျားသော နယ်စပ်ဒေသ ဖြစ်သောကြောင့် ကချင်ပြည်နယ်အစိုးရအဖွဲ့၊ တပ်မတော်၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တို့ရဲ့ လုံခြုံရေး အပြည့်အဝ ရယူပြီးမှသာ ရှာဖွေ ဖမ်းဆီးရေး ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ဝန်ကြီးက ဆိုသည်။

"တပ်မတော်က လုံခြုံရေး ဆောင်ရွက်ပေးမှုနဲ့ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ သစ်တောဦးစီးဌာန၊ မြန်မာ့သစ်လုပ်ငန်းနဲ့ လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာနတို့ ပါဝင်တဲ့ ပူးပေါင်းအဖွဲ့နဲ့ ရှာဖွေဖမ်းဆီးနိုင်ရေး စီမံချက်ရေးဆွဲပြီး ဖြစ်တယ်လို့ သိရှိရပါတယ်" ဟု ၎င်းက ထပ်လောင်းပြောကြားသည်။

ကချင်ပြည်နယ်အတွင်း ၂၀၁၁-၁၂ ဘဏ္ဍာရေးနှစ်မှ ၂၀၁၅-၁၆ ဘဏ္ဍာနှစ်အထိ တရားမဝင်သစ် စုစုပေါင်း ၂၆၂၃၃  ဒသမ ၂၃၇၂ တန်ကို တရားခံ နိုင်ငံသား ၈၆၁ ဦး၊ နိုင်ငံခြားသား ၁၇၆ ဦး၊ ယာဉ်ယန္တရား ၁၅၉၈ စီးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်တွံင်လည်း တရားမဝင်သစ် စုစုပေါင်း ၁၉၃၉ ဒသမ ၈၆၁၃ တန်ကို တရားခံ နိုင်ငံသား ၁၁၇ ဦး၊ ယာဉ်ယန္တရား ၁၀၄ စီးနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း ၎င်းက ပြောကြားသည်။

မြန်မာ့သစ်တောများမှ အဖိုးတန်သစ်များသည် ခုနစ်မိနစ်လျှင် ၁၅ တန်ပါ သစ်တင်ကားတစ်စီးနှုန်းဖြင့် တရုတ်နိုင်ငံသို့ တရားမဝင် ရောက်ရှိနေသည်မှာ မှန်ကန်ပြီး အဆိုပါ တရားမဝင် သစ်ခိုးထုတ် တင်ပို့မှုများကို အရှိန်အဟုန်မြှင့်၍ ဖမ်း ဆီး အရေးယူသွားမည်ဖြစ်ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးအုန်းဝင်းက စက်တင်ဘာ ၁၄ ရက်က ပြောကြားထားသည်။



FOLLOW US