News

POST TAGGED AS

ကချင်ပြည်နယ်

အစိုးရသစ်လက်ထက်အတွင်း ကျပ်သန်းပေါင်းနှစ်သောင်းကျော်ရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ
မြစ်ကြီးနား၊ ဩဂုတ် ၂၅

ကချင်ပြည်နယ်တွင် အစိုးရသစ် တာဝန်ယူခဲ့သော ၂ နှစ်ကျော်ကြာကာလအတွင်း ကျပ်သန်းပေါင်းနှစ်သောင်းကျော်ရှိ မူးယစ်ဆေးဝါးများကို ဖမ်းဆီးရမိ အရေးယူနိုင်ခဲ့ကြောင်း ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်က ပြောကြားသည်။

ဩဂုတ်လ ၂၅ ရက်နေ့က မြစ်ကြီးနားမြို့ မြို့တော်ခန်းမ၌ ပြုလုပ်သည့် လူထုတွေ့ဆုံပွဲတွင် ပြည်နယ်အတွင်း မူးယစ်ဆေးဝါးနှိမ်နင်းရေးနှင့် ပတ်သက်၍ ယင်းသို့ ပြောဆိုခြင်းဖြစ်သည်။

အစိုးရသစ်တာဝန်ယူခဲ့သည့် အချိန်မှစ၍ ယခုနှစ် ဇူလိုင်လကုန်အထိ အမှုပေါင်း ၄၂၂၉ မှု၊ တရားခံပေါင်း ၆၀၀၀ ကျော်နှင့် ဖမ်းဆီးရမိမှု မူးယစ်ဆေးဝါးတန်ဖိုး ကျပ်သန်းပေါင်း ၂၁၅၈၀ ရှိကြောင်း ဝန်ကြီးချုပ်က ပြောကြားသည်။

“ဒီမူးယစ်ဆေးဝါးက ကျွန်တော်တို့ရဲ့ အမျိုးသားရေးတာဝန်ဖြစ်ပါတယ်။ ဒီကချင်ပြည်နယ်မှာ ပိုပြီးတော့ဆိုးဝါးသလားလို့တောင် ကျွန်တော်ခံစားမိတယ်။ ဒါကြောင့် ဒီမူးယစ်ဆေးဝါးတွေကို နှိမ်နင်းဖို့၊ ပပျောက်အောင် ဆောင်ရွက်ဖို့ ဆုံးဖြတ်တယ်”ဟု ဝန်ကြီးချုပ် ဒေါက်တာခက်အောင်က ဆိုသည်။

ကချင်ပြည်နယ်၏အထင်ကရနေရာ တစ်ခုဖြစ်သည့် မြစ်ကြီးနားတက္ကသိုလ်ကို ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်အတွင်းက မူးယစ်ဆေးဝါးကင်းမဲ့ဇုန်အဖြစ် သတ်မှတ်ခဲ့သည်။

ကချင်ပြည်နယ်တွင် ၂ နှစ်ကျော် ကာလအတွင်း အမှုကြီး ၁၀ မျိုးဖြစ်ပွားမှုမှာ ၃၃၈ မှုရှိပြီး ကြိုတင်ကာကွယ်မှု မှာ ၃၂၆၂ မှုရှိကြောင်း၊ တရားဥပဒေ စိုးမိုးရေးကိစ္စများကို ဆောင်ရွက်ရာတွင် ဌာနဆိုင်ရာအဖွဲ့အစည်းများနှင့် ပြည်သူများပူးပေါင်းဆောင်ရွက်မှုမှာ အဓိကဖြစ်ကြောင်း ဝန်ကြီးချုပ်က ပြောဆိုသည်။

ပြည်နယ်အတွင်း မူးယစ်ဆေးဝါးတိုက်ဖျက်နှိမ်နင်းရာတွင် သုံးစွဲသူများနှင့် ရောင်းဝယ်သူများကိုသာ ဖမ်းဆီးအရေးယူနိုင်ခဲ့သော်လည်း ငွေကြေးရင်းနှီးထုတ်လုပ်သည့် မူးယစ်ဆေးဝါး ထုတ်လုပ်ဖြန့်ဖြူးသူများကိုလည်း အရေးယူဆောင်ရွက်ရန် လိုအပ်ကြောင်း ယင်းတွေ့ဆုံပွဲသို့ တက်ရောက်လာသည့် ဒေသခံ ရပ်မိရပ်ဖတစ်ဦးက တင်ပြပြောဆိုခဲ့သည်။

R-06



FOLLOW US