News

POST TAGGED AS

ကချင်ပြည်နယ်

ဝိုင်းမော်တွင် ဖမ်းဆီးရမိသည့် တရားမဝင်ကုန်ကား ၃၁ စီးကို စတင်စစ်ဆေး


မြစ်ကြီးနား၊ ဩဂုတ် ၆

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် ဆဒုံးရေတံခွန်အနီး၌ ဩဂုတ်လ ၂ ရက် နေ့နှင့် ၄ ရက်နေ့က ဖမ်းဆီးရမိခဲ့သည့် တရုတ်ပြည်မှ ကန်ပိုင်တီ နယ်စပ်ဂိတ်ကို ဖြတ်သန်းသယ်ဆောင်လာသည့် အကောက်ခွန်မဲ့ တရားမဝင်ကုန်တင်ယာဉ် ၃၁ စီးကို ဩဂုတ်လ ၆ ရက်နေ့က အဖွဲ့စုံဖြင့် စတင်စစ်ဆေးနေကြောင်း ကချင်ပြည်နယ်အစိုးရအဖွဲ့ထံမှ သိရသည်။

အဆိုပါယာဉ် ၃၁ စီးအနက်မှ ကားနှစ်စီးပေါ်ရှိ ပစ္စည်းများကို မြစ်ကြီးနားမြို့ သီတာရပ်ကွက်ရှိ ပြည်နယ်အားကစားကွင်း၌ ကချင်ပြည်နယ် အခွန်၊ ဘဏ္ဍာ၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးဝေလင်းက ဦးဆောင်သည့် ဌာနဆိုင်ရာအဖွဲ့စုံက စိစစ်ဆေးနေဆဲဖြစ်ပြီး ယင်းကိစ္စနှင့်ပတ်သက်၍ အသေးစိတ်ကို မသိရသေးပေ။ 

“ကားက ၃၁ စီးနဲ့ တရုတ်လူမျိုး ၈ ဦး ဖမ်းမိထားတယ်။ စစ်ဆေးတာကတော့ ဌာနဆိုင်ရာအဖွဲ့စုံက စစ်ဆေးနေတယ်”ဟု ကချင်ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိယရဲမှူးကြီး မျိုးသူရနောင်က ပြောဆိုသည်။

အဆိုပါ ယာဉ်များကို ဝိုင်းမော်မြို့ အားကစားကွင်းနှင့် မီးသတ်ရုံးရှေ့တွင် နေရာချထားပြီး ရဲတပ်ဖွဲ့က လုံခြုံရေးပေးထားကာ ယင်းဖမ်းဆီးရမိမှုနှင့် ပတ်သက်၍ သက်ဆိုင်ရာ နယ်မြေရဲစခန်း၌ အမှုဖွင့်ခြင်း မရှိသေးကြောင်း၊ ဖမ်းဆီးထားသည့် တရုတ်နိုင်ငံသား ၈ ဦးအနက် နှစ်ဦးကို လဝကဥပဒေဖြင့် အမှုဖွင့်ထားကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

“ရှစ်ဦးထဲကတော့ နှစ်ဦးကို အထောက်အထားမပါတဲ့အတွက် လဝကဥပဒေနဲ့အမှု ဖွင့်ထားတယ်။ ကျန်တဲ့ကိစ္စကတော့ ဘယ်လိုဆက်လုပ်မယ်ဆိုတာတော့ နောက်ဆက်တွဲရှိသေးလို့ ဖြေလို့မရသေးဘူး”ဟု ဒုတိယရဲမှူးကြီး မျိုးသူရနောင်က ဆိုသည်။ 

အဆိုပါယာဉ်များအတွင်း၌ တရုတ်နိုင်ငံထုတ်မြေဆီနှင့် ဓာတ်မြေဩဇာများပါရှိပြီး တခြားပစ္စည်းများပါ မပါနှင့် ယင်းပစ္စည်းများမှာ တရားဝင်ဖြစ် မဖြစ်ကိုမူ အလုံးစုံမစစ်ဆေးရသေးသည့်အတွက် မသိရှိသေးကြောင်း ကချင်ပြည်နယ် အစိုးရအဖွဲ့နှင့် နီးစပ်သူများထံမှ သိရသည်။ 

ယခုကဲ့သို့ တရားမဝင်မော်တော် ယာဉ်များဖမ်းဆီးရမိမှုသည် အစိုးရသစ် လက်ထက်အတွင်း ကချင်ပြည်နယ်၌ အများဆုံးဖမ်းဆီးရမိမှုလည်းဖြစ်သည်။ 

R-06




FOLLOW US