News

POST TAGGED AS

ကချင်ပြည်နယ်

တနိုင်းဒေသခံ ၂၀ ကျော်ကို ကေအိုင်အေက တပ်သားအဖြစ် ခေါ်ဆောင်


မြစ်ကြီးနား၊ မတ် ၅

ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်၊ တရုံကျေးရွာဒေသခံ ၂၀ ကျော်ကို ကချင်လက်နက်ကိုင်တပ်ဖွဲ့ (ကေအိုင်အေ) က တပ်သားအဖြစ် မတ်လ ၃ ရက်ည ၁၂ နာရီ နောက်ပိုင်းက ခေါ်ဆောင်သွားခဲ့ကြောင်း ယင်းကျေးရွာဒေသခံများ၏ အဆိုအရသိရသည်။

အဆိုပါ ခေါ်ဆောင်ခံရသူများသည် ကျေးရွာရှိ ကချင်စုရပ်ကွက် အပိုင်း ၁၊ ၂၊ ၃၊ ၄ မှ ဒေသခံများဖြစ်ပြီး အလယ်တန်းပြ ကျောင်းဆရာ (မိဘခန့်) တစ်ဦးနှင့် ဆယ်အိမ်မှူးနှစ်ဦးအပါအဝင် စုစုပေါင်း အမျိုးသား ၂၀ ဦးနှင့် အမျိုးသမီးတစ်ဦး ခေါ်ဆောင်သွားခံရကြောင်း ယင်းဒေသခံတစ်ဦးက ပြောကြားသည်။

“အရင်တုန်းကတော့ ဒီလိုမျိုးမရှိဘူး။ အရင်ကတော့ သူတို့လူ လူဟောင်းတွေပဲခေါ်တာ။ အခုက အဟောင်းအသစ် အားလုံးပါတယ်။ တစ်ရပ်ကွက်က နည်းနည်းစီပေါ့”ဟု ၎င်းက ပြောဆိုသည်။

အဆိုပါဒေသခံများကို ညအိပ်နေချိန်၌ နေအိမ်အတွင်း အိပ်နေစဉ် ဝင်ရောက် ခေါ်ဆောင်သွားခြင်းဖြစ်ပြီး အများစုသည် အသက် ၂၀ ကျော်ဝန်းကျင် လူငယ်ပိုင်းများဖြစ်ကာ အသက် ၃၀ ကျော် အမျိုးသားတစ်ဦးပါဝင်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

ကေအိုင်အေက တရုံဒေသခံအချို့ကို တပ်သားအဖြစ် ခေါ်ဆောင်သွားသည်မှာ မှန်ကန်သော်လည်း စာရင်းအတိအကျကိုမူ စုံစမ်းနေဆဲဖြစ်၍ မသိရှိရသေးကြောင်း တနိုင်းမြို့နယ် မဲဆန္ဒ အမှတ် (၂) မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဝင်းက အတည်ပြုပြောဆိုသည်။

“ကျား ၂၀ ၊ မ ၁ ယောက်လို့တော့ ပြောတယ်။ အသေးစိတ် အတိအကျတော့ မသိသေးဘူး။ အများစုကတော့ အသက် ၂၀ ဝန်းကျင် လူငယ်တွေဖြစ်တယ်”ဟု ၎င်းက ဆိုသည်။

ကချင်ပြည်နယ် တနိုင်းဒေသအတွင်း ကချင်လက်နက်ကိုင်တပ်ဖွဲ့က လှုပ်ရှားလျက်ရှိပြီး တပ်မတော်နှင့် တိုက်ပွဲမကြာခဏ ဖြစ်ပွားနေကြောင်း၊ လက်ရှိတနိုင်းမြို့ပေါ်တွင်လည်း ညအချိန်၌ လက်နက်ကြီး ပစ်ခတ်သံများကြားနေရကြောင်း ယင်းဒေသခံများထံမှ သိရသည်။

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ ကေအိုင်အေအဖွဲ့သို့ ဆက်သွယ်မေးမြန်းသော်လည်း ဆက်သွယ်၍မရပေ။

R-06




FOLLOW US