News

POST TAGGED AS

ပညာသင်ဆု

10-Jun-2017

ပညာသင်ဆု
မြန်မာလူငယ်များအတွက် ဩစတြေးလျနိုင်ငံ ပညာတော်သင်ဆု အခွင့်အလမ်းများ

မြန်မာလူငယ်တွေအနေနဲ့ နိုင်ငံခြားပညာသင်သွားဖို့ စိတ်ကူးအိပ်မက်ရှိကြတဲ့ နိုင်ငံတွေထဲမှာ ဩစတြေးလျနိုင်ငံလည်း အပါအဝင် ဖြစ်ပါတယ်။ ဩစတြေးလျနိုင်ငံမှာ ပညာသင်ဖို့အတွက် အစိုးရပညာသင်ဆုများ၊ တက္ကသိုလ်အလိုက်ပေးတဲ့ ပညာသင်ဆုများ၊ အဖွဲ့အစည်းများကပေးတဲ့ ပညာသင်ဆုများ စသည်ဖြင့် များစွာရှိတဲ့အတွက် ပိုမိုသိရှိလျှောက်ထားနိုင်ပါရန် ရေးသားမျှဝေလိုက်ပါတယ်။ 

(၁) Australia Awards Scholarships

ဩစတြေးလျ အစိုးရက ပေးအပ်သော ပညာသင်ဆုဖြစ်ပြီး ပညာသင်ဆုတွေထဲမှာ စာရေးသူ သဘောအကျဆုံး ပညာသင်ဆုဖြစ်ပါတယ်။ ပထမအဆင့် ရွေးချယ်ခံရပြီးတဲ့သူ အားလုံးအတွက် IELTS စာမေးပွဲကို ဩစတြေးလျသံရုံးက အကုန်အကျခံ စီစဉ်ပေးတာဖြစ်တဲ့အတွက် လူငယ်တွေအတွက် အတော် အဆင်ပြေပါတယ်။ မဟာဘွဲ့တက်ရောက်ဖို့ ကမ်းလှမ်းထားတာဖြစ်ပြီး နှစ်စဉ် မြန်မာလူငယ် ၆၀ ဝန်းကျင်ကို ချီးမြှင့်တဲ့အတွက် အခွင့်အလမ်းကောင်းတစ်ခု ဖြစ်ပါတယ်။ နှစ်စဉ် လျှောက်လွှာများကို ဖေဖော်ဝါရီ ၁ ရက်မှ ဧပြီ ၃၀ အတွင်း လက်ခံပါတယ်။ အသေးစိတ် လမ်းညွှန်များကို https://www.facebook.com/ ohnzinlinedu/posts/ 236557360147719:0 မှာ ဖတ်ရှုနိုင်ပါတယ်။

(၂) JJ/WBGSP ပညာသင်ဆု

ဂျပန်အစိုးရနဲ့ ကမ္ဘာ့ဘဏ်တို့ ပူးတွဲ ပေးအပ်တဲ့ ပညာသင်ဆုဖြစ်ပါတယ်။ Joint Japan World Bank Graduate Scholarship အနေနဲ့ ဩစတြးလျ အပါအဝင် အမေရိကန်၊ အင်္ဂလန်၊ ဂျပန်၊ ပြင်သစ်၊ နယ်သာလန်၊ ဘယ်လ်ဂျီယမ်၊ အာဂျင်တီးနား၊ ချီလီ၊ ကော်စတာရီကာ၊ ထိုင်းစတဲ့နိုင်ငံတွေက ထိပ်တန်းတက္ကသိုလ်တွေမှာ တက်ရောက်ဖို့ ပညာသင်ဆုပေးတာဖြစ်ပါတယ်။ ကမ္ဘာ့ဘဏ် အဖွဲ့ဝင်နိုင်ငံများထဲမှ နှစ်စဉ် ကျောင်းသား ၅၀ဝ၀ ကျော်ကို ပေးလေ့ရှိပါတယ်။ ဩစတြေးလျနိုင်ငံအတွက် Australian National University မှာ Environmental, Economics, International Development Econimics, Enviromental and Resource Economics စတဲ့ ဘာသာရပ်တွေနဲ့ပတ်သက်ပြီး မဟာဘွဲ့ လျှောက်ထားနိုင်ပါတယ်။ [email protected] ကို ဆက်သွယ်စုံစမ်းနိုင် သလို့ http://www.worldbank. org/en/programs/scholarships#3 မှာ လေ့လာနိုင်ပါတယ်။ JJ/WBGSP လျှောက်ထားနည်း အသေးစိတ်ကို https:// www.facebook.com/ ohnzinlinedu/ posts/ 236548660148589:0 မှာ ကြည့်နိုင်ပါတယ်။

(၃) ADB-JSP ပညာသင်ဆု

ဂျပန်အစိုးရဲ့ ပညာသင်ဆုတစ်ခုဖြစ်တဲ့ Asian Development Bank- Japan Scholarship Program အနေနဲ့လည်း ဩစတြးလျ၊ အမေရိကန်၊ ဟောင်ကောင်၊ အိန္ဒိယ၊ ဂျပန်၊ နယူးဇီလန်၊ ပါကစ္စတန်၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်း စတဲ့နိုင်ငံတွေမှာ လျှောက်ထားလို့ ရပါတယ်။ နှစ်စဉ် ကျောင်းသားဦးရေ ၃၀ဝ ချီးမြှင့်ပါတယ်။ The Australian National University, The University of Melbourne, The University of Sydney စတဲ့ တက္ကသိုလ်ကြီးတွေမှာ  လျှောက်ထားနိုင်ပါတယ်။ Australian National University အတွက် တစ်နှစ်တွင် နှစ်ကြိမ် လျှောက်ထားနိုင်ပြီး Deadline က မေ ၁၅ နဲ့  ဒီဇင်ဘာ ၁၅ ရက်ဖြစ်ပါတယ်။ The University of Melbourne အတွက် Deadline က အောက်တိုဘာ ၃၁ ရက်ဖြစ်ပါတယ်။ The University of Sydney အတွက် Deadline က အောက်တိုဘာ ၃၁ နဲ့ ဧပြီ ၃၀ ရက် ဖြစ်ပါတယ်။ ပညာသင်ဆု လျှောက်ထားခြင်း အသေးစိတ်ကို https://www.facebook.com/ohnzinlinedu/posts/236547183482070:0 မှာ ဖတ်နိုင်ပါတယ်။

(၄) Endeavour Scholarships and Fellowships

Endeavour ပညာသင်ဆုအောက်မှာ မြန်မာနိုင်ငံသားတွေ လျှောက်ထားလို့ရတဲ့ အမျိုးအစား လေးမျိုးရှိပါတယ်။

(က) Endeavour Postgra-duate Scholarship

မဟာဘွဲ့၊ ပါရဂူဘွဲ့ တက်ရောက်ဖို့ လျှောက်ထားနိုင်ပါတယ်။ မည်သည့်ဘာသာရပ်မဆို ဩစတြေးလျမှာ လေးနှစ်အထိ ပညာသင်ခွင့် ရှိပါတယ်။

(ခ) Vocational Education and Training (VET)

ဒီပလိုမာ ရယူဖို့အတွက် ၂ နှစ်ခွဲအထိ ပညာသင်ဆုပေးပါတယ်။ အလုပ်အကိုင်၊ အသက်မွေးဝမ်းကျောင်းဆိုင်ရာ အရည်အသွေးတွေကို သင်ယူနိုင်ဖို့ဖြစ်ပါတယ်။

(ဂ) Research Fellowship

ဘွဲ့လွန်၊ ပါရဂူဘွဲ့လွန်ကျောင်းသားများအတွက် လေးလမှ ခြောက်လအထိ ကာလတို သုတေသန ပြုလုပ်ခွင့်ရမယ့် ပညာသင်ဆု ဖြစ်ပါတယ်။ မဟာဘွဲ့၊ ပါရဂူဘွဲ့၊ ပါရဂူ ဘွဲ့လွန်အတွက် ဩစတြေးလျမှာ လေ့လာနိုင်တဲ့ မည်သည့်ဘာသာရပ်မဆို လျှောက်ထားခွင့် ရှိပါတယ်။

(ဃ) Executive Fellowship

လုပ်ငန်းဆိုင်ရာ Professional Development အတွက် တစ်လမှ လေးလအထိ သင်ယူလေ့လာခွင့် ရပါမယ်။ ကျောင်းပညာရပ်ဆိုင်ရာ သုတေသနအတွက်မလုပ်ဘဲ လုပ်ငန်းဆိုင်ရာ အရည်အသွေး မြှင့်တင်ဖို့အတွက်သာဖြစ်ပါတယ်။

Endeavour ပညာသင်ဆုနဲ့ပတ်သက်ပြီး အသေးစိတ်ကို http://internationaleducation.gov.au/endeavour မှာ ကြည့်ရှုလေ့လာ လျှောက်ထားနိုင်ပါတယ်။ Deadline က ဇွန်လ ၃၀ ရက်နေ့ ဖြစ်ပါတယ်။

(၅) တက္ကသိုလ်မှပေးသော ပညာသင်ဆုများ

(က) University of Melbourne ပညာသင်ဆု

University of Melbourne မှ မဟာဘွဲ့ (သို့မဟုတ်) ပါရဂူဘွဲ့ တက်ရောက်နိုင်ဖို့အတွက် Melbourne Research Scholarships (MRS) eJY Australian Government Research Training  Program Scholarship(RTPS) ပညာသင်ဆု နှစ်ခုကို ဘွဲ့လွန်သုတေသန ပညာသင်ဆုများ (Graduate Research Scholarships) အဖြစ် ကမ်းလှမ်းထားပါတယ်။ ပညာသင်ဆုအမျိုးအစားတစ်ခု အတွက် တစ်နှစ်မှာ ပညာသင်ဆု ၃၀ဝ ကျော် ပေးအပ်ပါတယ်။ အရေအတွက်  မနည်းလှ တဲ့အတွက်  လျှောက်ထားသင့်တဲ့ ပညာသင်ဆု တစ်ခုဖြစ်ပါတယ်။ အသေးစိတ်ကို Melbourne တက္ကသိုလ်ရဲ့ website လင့်ခ်ဖြစ်တဲ့ https://studenteforms.app.unimelb.edu.au/apex/f?p=153:2:0:::2:P2_ ID:641 မှာ ကြည့်နိုင်ပါတယ်။

(ခ) The University of Adelaide

Adelaide တက္ကသိုလ်မှာ ပညာသင်ကြားဖို့အတွက် Adelaide Scholarships  International (ASI) ကို ကမ်းလှမ်းထားပါတယ်။ မဟာဘွဲ့နဲ့ ပါရဂူဘွဲ့အတွက်  လျှောက်ထားနိုင်ပါတယ်။ တစ်နှစ်မှာ သုံးကြိမ် လျှောက်ထားနိုင်ပါတယ်။ Deadline တွေက ပထမအကြိမ်အတွက် ဩဂုတ်လ ၃၁ ရက်၊ ဒုတိယအကြိမ်အတွက် ဇန်နဝါရီ ၃၁ ရက်တို့ဖြစ်ပြီး တတိယအကြိမ်အတွက် ဧပြီ ၃၁ ရက်ဖြစ်ပါတယ်။ အသေးစိတ်ကို Google မှာ ရှာဖွေလေ့လာနိုင်ပါတယ်။

ပညာသင်ဆု လျှောက်ထားတဲ့အခါမှာ အခြေခံ လိုအပ်ချက်၊ စာရွက်စာတမ်းတွေက ပညာသင်ဆု အားလုံးအတွက် အတူတူဖြစ်တဲ့အတွက် အင်္ဂလိပ်စာ၊ ပညာရည်မှတ်တမ်း (Grading and Transcripts) စတာတွေကို ပြင်ဆင်ထားဖို့လိုပြီး ပညာသင်ဆုများကို တစ်ခုထက်ပိုပြီး ပြင်ဆင် လျှောက်ထားသင့်ပါတယ်။ 
ဩစတြေးလျမှာ ပညာသင်ကြားလိုသူ လူငယ်တွေအနေနဲ့ ဖော်ပြပါ ပညာသင်ဆုများအပြင် လျှောက်ထားလိုတဲ့ တက္ကသိုလ်အလိုက် ပညာသင်ဆုများစွာ ရှိတဲ့အတွက် အချိန်ပေး လေ့လာပြီး ဇွဲရှိရှိဖြင့် မိမိတို့အတွက် အခွင့်အလမ်းများကို ဆုပ်ကိုင်နိုင်ကြပါစေကြောင်း ဆုမွန်တောင်းလိုက်ရပါတယ်။

မေတ္တာဖြင့်
အုန်းဇင်လင်း(ပညာရေး)



FOLLOW US