News

POST TAGGED AS

ဂိမ်း

27-Aug-2018

အမေရိကန်
အမေရိကန်နိုင်ငံရေးလောက၏ ဂုရုသဖွယ်ဖြစ်ခဲ့သူ ဆီနိတ်တာ ဂျွန်မက်ကိန်း အသက် ၈၁ နှစ်အရွယ်တွင် ကွယ်လွန်


ဝါရှင်တန်၊ ဩဂုတ် ၂၆

အမေရိကန်ဆီးနိတ်လွှတ်တော်တွင် ဩဇာကြီးမားသည့် နိုင်ငံရေးသမားတစ်ဦးဖြစ်သူ ဆီနိတ်တာ ဂျွန်မက်ကိန်း (၈၁ နှစ်) သည် ဦးနှောက်ကင်ဆာရောဂါဖြင့် ဩဂုတ်လ ၂၅ ရက်နေ့က ကွယ်လွန်သွားပြီဖြစ်သည်ဟု ၎င်း၏ မိသားစုဝင်များ၏ ထုတ်ပြန်ချက်ကို အမေရိကန်မီဒီယာများက ရေးသားဖော်ပြသည်။ 

ရီပတ်ဘလစ်ကန် ဆီနိတ်တာ ဂျွန်မက်ကိန်း၏ ရုံးအဖွဲ့က ထုတ်ပြန်သော ကြေညာချက်တွင် သူသည် စနေနေ့ညနေ အမေရိကန်ပြည်ထောင်စု အာရီဇိုးနား ပြည်နယ် ဒေသစံတော်ချိန် ညနေ ၄ နာရီ ၂၈ မိနစ်တွင် ကွယ်လွန်သွားကြောင်း ဖော်ပြထားသည်။ 

ပြီးခဲ့သည့် ဒီဇင်ဘာလက ဦးနှောက် ကင်ဆာကုသရန် ဝါရှင်တန်နိုင်ငံရေးနယ် ပယ်ကိုကျောခိုင်းခဲ့သူ ဂျွန်မက်ကိန်းသည် ဦးနှောက်ကင်ဆာအတွက် ရောဂါကုသမှုကို ရပ်ဆိုင်းရန် ကိုယ်တိုင်ဆုံးဖြတ်ခဲ့သည်ဟု ၎င်း၏ မိသားစုဝင်များက ယမန်နေ့က သတင်းထုတ်ပြန်ခဲ့သေးသည်။ 

ဂျွန်မက်ကိန်း ကွယ်လွန်သွားချိန်တွင် ၎င်း၏အနီးတွင် ဇနီးဖြစ်သူစင်ဒီမက် ကိန်းအပါအဝင် မိသားစုဝင်များအတူရှိနေခဲ့သည်။ အာရီဇိုးနားပြည်နယ်ရှိ ဆီဒိုးနားမြို့သို့ ၎င်း၏ရုပ်အလောင်းကို ပြန်လည်သယ်ဆောင်သွားရာ လမ်းတစ်လျှောက်တွင် ဒေသခံများက အမေရိကန်အလံများ ဝှေ့ယမ်း၍လည်းကောင်း၊ ပန်းများကြဲ၍ လည်းကောင်းဝမ်းနည်းခြင်း အထိမ်းအမှတ်ကို ပြသခဲ့သည်။ 

“တိုင်းပြည်အကျိုးကို သယ်ပိုးခဲ့တဲ့ ဆီနိတ်တာကြီးမက်ကိန်းကို ကျေးဇူးတင်ပါတယ်” ဟု ရေးသားထားသောဆိုင်းဘုတ် တစ်ခုကို ၎င်း၏ နေအိမ်အနီးတွင် ဒေသခံများနှင့်အတူတွေ့ရသည်။ 

ဂျွန်မက်ကိန်းကိုယ်တိုင် ဦးနှောက်ကင်ဆာရောဂါကုသမှုကို ရပ်ဆိုင်းရန် ဆုံးဖြတ်ခဲ့ခြင်းကြောင့် ဘဝအဆုံးသတ်ချိန်သို့ အနှေးနှင့်အမြန် ရောက်သွားတော့မည်ကို သိခဲ့ကြသော်လည်း ၎င်းကွယ်လွန်သည့်သတင်းသည် အမေရိကန်နိုင်ငံရေး လောကသားများအတွက် ကြေကွဲဝမ်းနည်းဖွယ် သတင်းတစ်ပုဒ်ဖြစ်ခဲ့သည်။ 

ဂျွန်မက်ကိန်းသည် ဆီနိတ်တာအလုပ်ကို ထမ်းဆောင်စဉ် နိုင်ငံရေးလုပ် ဖော်ကိုင်ဖက်များနှင့် သဘောမတူညီသည့် အရေးကိစ္စများနှင့် အချေအတင်အငြင်းအခုံများ ရှိခဲ့သည်။ ဂျွန်မက်ကိန်းကွယ်လွန်သည့်သတင်း ထွက်ပေါ်လာပြီးနောက် နာရီပိုင်းမျှအကြာတွင် အမေရိကန်နိုင်ငံရေးလောက၏ ထိပ်ပိုင်းပုဂ္ဂိုလ်များသာမက ကမ္ဘာ့နိုင်ငံများ၊ အထူးသဖြင့် အနောက်နိုင်ငံအစိုးရများက အထူးပင်ဝမ်းနည်းကြေကွဲကြောင်း ထုတ်ဖော်ပြောဆိုလာခဲ့ကြသည်။

၎င်း၏ အဓိကနိုင်ငံရေးပြိုင်ဘက်ဖြစ်သော သမ္မတဟောင်း ဘားရက်အိုဘားမား (၂၀၀၈ ခုနှစ် သမ္မတရွေးကောက်ပွဲတွင် မက်ကိန်းနှင့်အတူယှဉ်ပြိုင်ခဲ့သူ) က “ကျွန်တော်တို့အားလုံး သူ့ဆီမှာအကြွေးတင်သွားပါပြီ” ဟု Twitter တွင် ဖော်ပြထားသည်။ 

“ဂျွန်မက်ကိန်းနဲ့ ကျွန်တော်ဟာ မတူညီတဲ့ မျိုးဆက်တွေပါ။ လုံးလုံးလျားလျား မတူညီတဲ့ နောက်ခံပတ်ဝန်းကျင်ကနေ ဆင်းသက်လာကြပြီး နိုင်ငံရေးလောကရဲ့ အမြင့်ဆုံးအဆင့်မှာ ယှဉ်ပြိုင်ခဲ့ကြတာပါ။ ဒါပေမဲ့ ကျွန်တော်တို့ရဲ့ မတူညီမှုတွေကို ကျွန်တော်တို့ မျှဝေနိုင်ခဲ့ပါတယ်” ဟု အိုဘားမားက ဆိုသည်။ 

ယခင်အမေရိကန် ဒီမိုကရက်တစ်သမ္မတ ဘီလ်ကလင်တန်လက်ထက်က ဒုတိယသမ္မတအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ အယ်လ်ဂိုးက “ကျွန်တော် သူ့ကို အမြဲတမ်း နှစ်သက်သဘောကျတယ်၊ လေးစားခဲ့တယ်၊ ဆန့်ကျင်ဘက်ပါတီကပုဂ္ဂိုလ်တစ်ဦးအနေနဲ့။ ဘာဖြစ်လို့လဲဆိုတော့ သူဟာ ဖိအားတွေအောက်မှာ ရှင်သန်နိုင်ခဲ့တယ်။ ဘယ်လောက်ပဲ ခက်ခဲတဲ့ကိစ္စဖြစ်ပါစေ သူ့အနေနဲ့ တူညီတဲ့အနေအထားတစ်ခုကိုရှာပြီး အလုပ်လုပ်နိုင်အောင် ဖန်တီးခဲ့လို့ပါပဲ”ဟု မှတ်ချက်ပေးသည်။ 

ဂျွန်မက်ကိန်း၏ စစ်မှုထမ်းဘဝမှတ်တမ်းနှင့်ပတ်သက်၍ တစ်ကြိမ်တစ်ခါ လှောင်ပြောင်ကဲ့ရဲ့ခဲ့ဖူးသူ လက်ရှိသမ္မတ ဒေါ်နယ်ထရမ့်က မက်ကိန်းကိုလွန်စွာ လေးစားမိကြောင်းနှင့် ကွယ်လွန်သွားသည့်အတွက် ယူကျုံးမရဖြစ်မိကြောင်း ဖော်ပြထားသည်။ 

မက်ကိန်းသည် လက်ရှိသမ္မတထရမ့်ကို ပျစ်ပျစ်နှစ်နှစ်ဝေဖန်ခဲ့သော ရီပတ်ဘလစ်ကန်တစ်ဦးလည်းဖြစ်ခဲ့သည်။ မက်ကိန်းက ထရမ့်သည် အတွေ့အကြံမရှိသူ၊ အတ္တကြီးသူ၊ နုံအသူဖြစ်သည်ဟု ဝေဖန်ခဲ့ဖူးသည်။ 

ဗီယက်နမ်စစ်ပွဲတွင် စစ်သုန့်ပန်းဖြစ်ခဲ့ဖူးသူ ဂျွန်မက်ကိန်းသည် အမေရိကန်ဆီနိတ်လွှတ်တော်တွင် ဆယ်စုနှစ်သုံးခုကျော်ကြာမျှ ဆီနိတ်တာအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး အမေရိကန်ပြည်ထောင်စု၏ ပြည်တွင်းပြဿနာများနှင့် နိုင်ငံတကာနှင့်ဖြစ်သော စစ်ပွဲများအပေါ် အချေအတင်ဆွေးနွေးမှုမြောက်မြားစွာ ပြုလုပ်ခဲ့သည်။ 

New York Times သတင်းစာကမူ ဂျွန်မက်ကိန်းသည် ဆီးနိတ်လွှတ်တော်၏ နောက်ဆုံးသော ခြင်္သေ့ကြီးတစ်ကောင်အဖြစ် အမွှမ်းတင်ရေးသားဖော်ပြသည်။

F-01



FOLLOW US