News

POST TYPE

SUMMER SPECIAL

ပလက်ဝမှ ဒေသခံ ၃၆၀ ကို နေ့စားလပေး ဆရာများအဖြစ် ခန့်အပ်
24-Jun-2019
ကလေး၊ ဇွန် ၂၄

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်း နေထိုင်သည့် ဒေသခံ ၃၆၀ ကို ပလက်ဝမြို့နယ်အတွင်းရှိ အခြေခံပညာ စာသင်ကျောင်းများတွင် စာသင်ကြားနိုင်ရန်အတွက် နေ့စားလပေး ကျောင်းဆရာအဖြစ် ခန့်အပ်လိုက်ကြောင်း ချင်းပြည်နယ် ပညာရေးမှူးရုံးထံမှ သိရသည်။

ပလက်ဝမြို့နယ်အတွင်း AA လက်နက်ကိုင်အဖွဲ့နှင့် တပ်မတော်တို့အကြား တိုက်ပွဲများဖြစ်ပွားနေခြင်းကြောင့် မြို့နယ်အတွင်းရှိ စာသင်ကျောင်းများတွင် စာသင်ကြားရန် လျှောက်ထားသည့် ဆရာ၊ ဆရာမများ မရှိသည့်အတွက် ယခုနှစ် ပညာသင်နှစ်တွင် ပလက်ဝမြို့နယ်ရှိ စာသင်ကျောင်း ၁၁၈ ကျောင်းတွင် ဆရာတစ်ဦးမှ မရှိသည့်အဖြစ်နှင့် ကြုံတွေ့ခဲ့ရသည်။

အဆိုပါပြဿနာကို ဖြေရှင်းနိုင်ရန်နှင့် ကျောင်းသားများ ပုံမှန်အတိုင်း စာသင်ကြားနိုင်ရေးအတွက် ပလက်ဝမြို့နယ်အတွင်း နေထိုင်သည့် ၈ တန်းအောင်၊ ၉ တန်းအောင်၊ ၁၀ တန်းအောင်နှင့် ဘွဲ့ရရှိသူများကို နေ့စားလပေး ကျောင်းဆရာ၊ ဆရာမများအဖြစ် ယခုနှစ် ၂၀၁၉ - ၂၀၂၀ ပညာသင်နှစ်မှ စတင်ခန့်ထားခဲ့ခြင်းဖြစ်ကြောင်း ပလက်ဝမြို့နယ်၊ ပညာရေးမှူး ဆလိုင်းအောင်မင်းက ပြောကြားသည်။

ပလက်ဝမြို့နယ်တွင် အခြေခံပညာ စာသင်ကျောင်းပေါင်း ၃၇၃ ကျောင်းတွင် ဆရာ၊ ဆရာမပေါင်း ၁၈၈၄ ဦးရှိပြီး ယခုပညာသင်နှစ်တွင်မူ အဆိုပါ ဆရာ၊ ဆရာမများအနက်မှ အခြားဒေသသို့ ပြောင်းရွှေ့သွားသည့် ဆရာ၊ ဆရာမဦးရေ ၂၀၀ ကျော်ရှိကြောင်း ပညာရေးမှူးရုံးထံမှ သိရသည်။

R-20