News

POST TYPE

SUMMER SPECIAL

တရုတ်နည်းပညာလောကရဲ့ အဖိုးတန်သင်ခန်းစာ(Daily, Vol-7/No-44)
01-Jun-2019
မြန်မာနိုင်ငံရဲ့ ဟန်းဖုန်းနဲ့ အိုင်တီနည်းပညာပစ္စည်းဈေးကွက်ထဲမှာ လူကြိုက်များတဲ့ အမှတ်တံဆိပ်တစ်ခုဖြစ်တဲ့ ဟွာဝေး (Huawei) ကို မကြာသေးခင်က အမေရိကန် ပြည်ထောင်စုက နာမည်ပျက်စာရင်းသွင်းပြီး နှိပ်ကွပ်လိုက်ခြင်းကြောင့် တရုတ်-အမေရိကန် ကုန်သွယ်ရေးစစ်ပွဲ အဆမတန် အရှိန်မြင့်တက်သွားခဲ့တာကို စာဖတ်သူတွေ သိလိုက်ကြမှာပါ။ 

Google (ဂူးဂဲလ်)ကုမ္ပဏီက Huawei ၏ လိုင်စင်ကို ရုပ်သိမ်းလိုက်တဲ့အတွက် ယခင်ကတည်းက အမေရိကန်ရဲ့ ချောင်ပိတ် တိုက်ခိုက်ခံနေရသလိုဖြစ်ခဲ့တဲ့ Huawei အတွက် ကြီးမားတဲ့ထိုးနှက်ချက်ကြီးတစ်ခုလည်း ဖြစ်ခဲ့ပါတယ်။
 
Huawei ကိစ္စမှာ စွပ်စွဲချက်တွေ အမြောက်အမြားရှိခဲ့ပြီး ဘယ်သူမှားတယ် ဘယ်သူမှန်တယ် ဆိုတာကို ဘယ်သူမှ အတိအကျမသိနိုင်ပေမယ့် အဲဒီပြဿနာဟာ အမေရိကနဲ့ တရုတ်ပြည်အကြားက ကုန်သွယ်ရေးစစ်ပွဲ တစ်ခုတည်းသက်သက် မဟုတ်တော့ဘဲ နည်းပညာနယ်ပယ်ရဲ့ နိုင်ငံရေး အားစမ်းမှုတစ်ရပ်သဖွယ် ဖြစ်လာတယ်လို့ ပြောရမယ်ထင်ပါတယ်။ 

ကမ္ဘာ့အိုင်တီနည်းပညာနယ်ပယ်မှာ Apple လိုမျိုး အမေရိကန်ထုတ်ကုန်တွေ လူကြိုက်အများဆုံး အနေအထားနဲ့ ရှေ့တန်းရောက်ခဲ့သလို ယနေ့အချိန်အထိလည်း သူတို့ပဲ နံပါတ် ၁ အဆင့်မှာ ရှိနေတာဟာ ငြင်းစရာမရှိပါဘူး။ တရုတ်နည်းပညာဆိုတာ ခြေလှမ်းပေါင်းများစွာ နောက်ကောက်ကျနေတဲ့ အနေအထားမှာရှိခဲ့တာပါ။ ဒါပေမဲ့ သည်ဘက် ဆယ်စုနှစ်တစ်ခုတာ ကာလလောက်အတွင်းမှာ နည်းပညာနဲ့ပတ်သက်ပြီး တရုတ်ပြည်ရဲ့ ခြေလှမ်းတွေဟာ ကြောက်ခမန်းလိလိ မြန်ဆန်လာပြီး တစ်ချိန်က အမေရိကန်တွေရဲ့ ခြေရာတွေလောက်သာ မြင်တွေ့ခဲ့ရတဲ့ အနေအထားကနေ အမေရိကန်တွေရဲ့နောက်ကျောကို အနီးကပ်မြင်လာရတဲ့ အနေအထားအထိ ဖြစ်လာခဲ့ပါတော့တယ်။ 

တရုတ်နိုင်ငံဟာ သိပ္ပံနဲ့ စက်မှုနည်းပညာတွေမှာ ယခင်က အနောက်နိုင်ငံတွေကို ဘယ်လိုမှမမီနိုင်တဲ့အဆင့်မှာရှိခဲ့ပေမယ့် တရုတ်လူမျိုး အတော်များများရဲ့ အားကျမခံတဲ့စိတ်၊ တခြားဖွံ့ဖြိုးပြီးနိုင်ငံတွေလို ဖြစ်လိုတဲ့စိတ်တွေကြောင့် ဘယ်လိုပဲဖြစ်ဖြစ် ခေါက်ထီး၊ စက်ဘီးကအစ မော်တော်ကား၊ လေယာဉ်တင်သင်္ဘောနဲ့ ဂြိုဟ်တုကအစ တပ်ဆင်ထုတ်လုပ်နိုင်တဲ့ အနေအထားထဲကို ရောက်နေတာကို တွေ့ရမှာပါ။

တရုတ်ထုတ်ကုန်တွေဟာ အရည်အသွေးပိုင်း ပြောစရာရှိတယ် ဆိုပေမယ့်လည်း ရှေ့ရောက်နှင့်ပြီးသား နိုင်ငံတွေရဲ့အမှားတွေ၊ သူတို့ကိုယ်တိုင် ကြုံတွေ့ခဲ့ရတဲ့ အမှားတွေကို ကောင်းစွာ သင်ခန်းစာ ယူနိုင်မယ်ဆိုရင် မကြာခင် ဆယ်စုနှစ် အနည်းငယ်အတွင်းမှာပဲ အနောက်စက်မှုဖွံ့ဖြိုးပြီးနိုင်ငံတွေရဲ့ ထုတ်ကုန်တွေနဲ့ ယှဉ်နိုင်တော့မှာဖြစ်ပါတယ်။ အဲဒါကြောင့်လည်း အနောက်နိုင်ငံက ကော်ပိုရေးရှင်းကြီးတွေသာမက အမေရိကန်စီအိုင်အေကပါ တရုတ်တွေရဲ့ခြေလှမ်းဟာ သူတို့ရဲ့ အမျိုးသား အကျိုးစီးပွားကို အကြီးအကျယ် ခြိမ်းခြောက်နေပြီလို့ ထုတ်ပြောလာရတဲ့အထိ ဖြစ်ကုန်ခဲ့တာပါ။ 

ဒီနေရာမှာ အားကျတဲ့စိတ်၊ ယှဉ်ပြိုင်လိုတဲ့စိတ်ဆိုတာ လူတစ်ယောက်ရဲ့ ဘဝတစ်ခု တောက်ပြောင်အောင် လုပ်ပေးနိုင်စွမ်းရှိရုံမျှမက လူ့အဖွဲ့အစည်းတစ်ခု နိုင်ငံတစ်ခုကိုပါ အခြားနိုင်ငံတွေရဲ့အကြား ရှေ့သို့ရောက်အောင် တွန်းပို့ပေးနိုင်သည်အထိ အစွမ်းရှိတယ်ဆိုတာကို မမေ့ထားသင့်ပါဘူး။ အနောက်နိုင်ငံတွေအပေါ်မှာထားတဲ့ တရုတ်တွေရဲ့ အားကျတဲ့စိတ်နဲ့ ယှဉ်ပြိုင်လိုစိတ်က အံ့မခန်းလို့တောင်ဆိုရမှာပါပဲ။ ကျွန်တော်တို့ မြန်မာတွေမှာ တခြားနိုင်ငံကြီးတွေနဲ့ပတ်သက်ပြီး ဘယ်လို စိတ်နေစိတ်ထားရှိကြသလဲ။
 
မြန်မာလူမျိုးတွေဟာ မနာလိုမရှုဆိတ် များပြားတယ်လို့ မြန်မာ့လူ့အဖွဲ့အစည်းထဲမှာ ညည်းတွားလေ့ရှိတာကို မကြာခဏဆိုသလို ကြားဖူးပါတယ်။ တကယ်တော့ မနာလိုစိတ်ဆိုတာ မြန်မာတွေထဲမှာသာမက တခြားလူမျိုးတွေမှာလည်း ရှိကောင်းရှိနေနိုင်တာပါပဲ။ တစ်ခုပဲရှိတယ်၊ အဲဒီမနာလိုစိတ်ထဲမှာပဲ နစ်မြောမနေဘဲ အဲဒီ မကောင်းတဲ့စိတ်ကို ယှဉ်ပြိုင်လိုစိတ်၊ အားကျတဲ့စိတ်အဖြစ် ပြောင်းလဲပစ်ဖို့ပဲ လိုအပ်တာပါ။ လူသားမှန်ရင် မကောင်းတဲ့စိတ်တွေဆိုတာ ဖြစ်တတ်စမြဲပါပဲ။ မိမိ မဟုတ်တဲ့ တခြားသူ ကိုယ့်ထက်သာတာကို မနာလိုစိတ်ထိုင်ဖြစ်မနေဘဲ ကိုယ်တိုင် သူ့လိုဖြစ်အောင် ယှဉ်ပြိုင်လိုတဲ့စိတ်၊ အားကျတဲ့စိတ်မျိုးဖြစ်အောင် ပြောင်းလဲပစ်တတ်ဖို့ပဲ အရေးကြီးတယ်လို့ ဆိုချင်တာဖြစ်ပါတယ်။

အယ်ဒီတာ (၁-၆-၂၀၁၉)