News

POST TYPE

SUMMER SPECIAL

တက္ကသိုလ်ကျောင်းသားကို ရိုက်နှက်လုယက်မှုမှ ကျူးလွန်သည်ဟု ယူဆရသူသုံးဦးကို ယနေ့ဖမ်းမိ
10-Dec-2018
မန္တလေး ၊ဒီဇင်ဘာ ၁၀

ပြင်ဦးလွင်မြို့ နည်းပညာတက္ကသိုလ် (ရတနာပုံဆိုက်ဘာစီးတီး) ဒုတိယနှစ်ကျောင်းသားတစ်ဦးကို အသက်သေသည်အထိ ရိုက်နှက်ကာ ဆိုင်ကယ်နှင့်လက်ကိုင်ဖုန်း လုယက်မှုကျူးလွန်သည်ဟု ယူဆရသူသုံးဦးကို ယနေ့ (ဒီဇင်ဘာ ၁၀ ရက်) ဖမ်းဆီးရမိကြောင်း ပြင်ဦးလွင်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဉာဏက အတည်ပြုပြောကြား သည်။

“သံသယရှိသူတွေကို စစ်ရင်းနဲ့ ကျူးလွန်သူသုံးယောက်ကို ဖမ်းထားပါပြီ။ တိုင်တုန်းက သုံးယောက်တည်းဆိုပေမယ့် စစ်ဆေးပေါ်ပေါက်ချက်အရ ခြောက်ယောက်ပူးပေါင်းပြီး ကျူးလွန်တာလို့ ပေါ်ပေါက်ထားပါတယ်။ ခုနောက်ထပ် သုံးယောက်ကို လိုက်နေပါတယ်”ဟု ၎င်းက ဆိုသည်။

အဆိုပါတက္ကသိုလ် သတင်းအချက်အလက်နှင့် ဆက်ဆံရေးနည်းပညာ (ICT) ဒုတိယနှစ်တွင် တက်ရောက်နေသည့် ကိုထက်လင်းသန့်နှင့် မဇူးဇူးဟန်ကိုတို့သည် ဒီဇင်ဘာလ ၆ ရက် မွန်းလွဲသုံးနာရီခွဲခန့်က ရိုက်နှက်လုယက်ခံရခြင်းဖြစ်ကြောင်း အဆိုပါတက္ကသိုလ် ကျောင်းသားသမဂ္ဂထံမှ သိရသည်။

ကိုထက်လင်းသန့်နှင့် မဇူးဇူးဟန်ကိုတို့သည် သုံးထောင်ကျေးရွာ စားသောက်ဆိုင်တစ်ခုမှ ရတနာပုံမြို့သစ် စီမံကိန်းအတွင်းလမ်းမှ ပြန်လာစဉ် အမျိုးသားသုံးဦးက ဆိုင်ကယ်ကိုတွန်းလှဲပြီး တုတ်နှင့် ရိုက်နှက်ခံရကာ ကိုထက်လင်းသန့်မှာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း၊ မဇူးဇူးဟန်ကို၏ ဦးခေါင်းနောက်စေ့တွင်လည်း ပေါက်ပြဲဒဏ်ရာများတွေ့ရှိရကြောင်း ပြင်စာကျေးရွာရဲစခန်းထံမှ သိရသည်။

အခင်းဖြစ်ပွားခဲ့သည့်နေရာသည် ရတနာပုံမြို့သစ် အိမ်ယာစီမံကိန်းဧရိယာအတွင်း ဖောက်လုပ်ထားသည့် လမ်းသွယ်တစ်ခုဖြစ်ပြီး ရတာပုံဆိုက်ဘာစီးတီးမှ ဝန်ထမ်းများ၊ အနီးအနားရှိ စက်ရုံဝန်ထမ်းများသာ အသုံးပြုပြီး၊ အသွားအလာ နည်းပါးသည့် လမ်းတစ်ခုဖြစ်ကြောင်း ပြင်စာဒေသခံများအဆိုအရ သိရသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး ပြင်စာကျေးရွာရဲစခန်းတွင် မဇူးဇူးဟန်ကိုက တရားလိုပြုလုပ်ပြီး တိုင်တန်းခဲ့သဖြင့် လူသတ်မှု ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၀၂၊ လုယက်မှု ကျူးလွန်စဉ် အသက်သေစေမှု ပုဒ်မ ၃၉၄၊ ပူးပေါင်းကျူးလွန်မှု ပုဒ်မ ၁၁၄ တို့ဖြင့် အမှုဖွင့်ကာ စစ်ဆေးနေခြင်းဖြစ်သည်။

ယင်းသို့ ဖမ်းမိထားသူသုံးဦးတို့၏ အမည်များ၊ အသက်အရွယ်များကို The Voice သတင်းစာက ပြင်စာကျေးရွာရဲစခန်းသို့ ဆက်သွယ်မေးမြန်းရာတွင် တာဝန်မှူးက ပြောဆိုနိုင်ခြင်းမရှိကြောင်း ငြင်းဆိုသည်။

ရတနာပုံဆိုက်ဘာစီးတီးတွင် တက်ရောက်နေကြသည့် ကျောင်းသား၊ ကျောင်းသူများသည် ပြင်စာကျေးရွာအတွင်း ဖွင့်လှစ်ထားသည့် အဆောင်များတွင် နေကြရပြီး ပြီးခဲ့သည့် သုံးနှစ်ခန့်မှစတင်၍ ယင်းအဆောင်များတွင်လည်း ဆိုင်ကယ်ပျောက်မှုများ မကြာခဏ ဖြစ်ပွားနေရကာ လမ်းပေါ်တွင်လည်း ဓားထောက်လုယက်ခံရမှုများ ဖြစ်ပွားနေခြင်းဖြစ်သည်။

ကျောက်ဆည် နည်းပညာတက္ကသိုလ်ကျောင်းသား နှစ်ဦးတို့ကို အမျိုးသားသုံးဦးတို့က ဝိုင်းဝန်းထိုးကြိတ် လုယက်ခဲ့ပြီး ကျောင်းသားတစ်ဦး ဓားထိုးခံရမှု ၂၀၁၈ ခုနှစ် ဩဂုတ်လ ၂၉ ရက် ညက ဖြစ်ပွားခဲ့သေးသည်။

M-04