News

POST TYPE

SUMMER SPECIAL

ရန်ကုန်-မန္တလေးရထား တိုက်ရိုက်မပြေးနိုင်၍ တစ်ရက်ဝင်ငွေ ကျပ်သိန်း ၄၇၀ ကျော် ဆုံးရှုံး
11-Sep-2018


ရန်ကုန်၊ စက်တင်ဘာ ၁၀

ရန်ကုန်-မန္တလေးရထား တိုက်ရိုက်မပြေးနိုင်၍ ဩဂုတ်လ ၃၁ ရက်မှ ယနေ့ထိ တစ်ရက်ဝင်ငွေ ကျပ်သိန်း ၄၇၀ ကျော် ဆုံးရှုံးနေကြောင်း မြန်မာ့မီးရထား၊ (တိုင်း-၇)၊ သွားလာပို့ဆောင်ရေးဌာန အကြီးတန်းတာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

လက်ရှိ မြန်မာ့မီးရထား၏ ရန်ကုန်-မန္တလေးခရီးစဉ် စီးရေလျှော့ချပြေးဆွဲနေရခြင်း၊ ခရီးစဉ်စဆုံး မပြေးနိုင်ခြင်းများကြောင့် ထိုသို့ဆုံးရှုံးလျက်ရှိကြောင်း ၎င်းက ပြောကြားသည်။

ဩဂုတ်လ ၂၉ ရက်က ဆွာတမံကျိုးပေါက်ကာ ရေလွှမ်းခဲ့သဖြင့် ရန်ကုန်-မန္တလေး လမ်းပိုင်းရှိ ကုန်းကြီးနှင့် ဆွာဘူတာကြား တံတားအမှတ် ၃၀၅ ရေကျော်၍ တာပေါင်ကျိုးပြီး ရေတိုက်စားမှုများ ဖြစ်ပေါ်ခဲ့သဖြင့် ရထားပြေးဆွဲမှုကို ဩဂုတ်လ ၃၀ ရက်အထိ ယာယီရပ်နားခဲ့သည်။

အဆိုပါလမ်းပိုင်းတွင် ရထားရှစ်စင်းဖြင့် ပြေးဆွဲခဲ့ရာမှာ လက်ရှိ အမှတ် ၁၁ ရထားလမ်းပိုင်းရေကျော်၍ နှင်းပုလဲနှင့် ဒုံဝန်းဘူတာကြား တံတားအမှတ် ၇၄၊ ရေ ဒေါက်တိုင် အမှတ်-၄ ရေစီးနှင့်မျောပါသွားသဖြင့် ရက်ပေါင်း ၂၄ ရက် ရထားပြေးဆွဲမှု ယာယီရပ်နားခဲ့သဖြင့် ကျပ်သိန်း ၁၃၀၀ ကျော် ဝင်ငွေဆုံးရှုံးခဲ့သည်။

ဆွာနှင့်ကုန်းကြီးဘူတာကြားမှာ ၄ မိုင်ခွဲအကွာအဝေးရှိပြီး ဌာနစုံမှ လူအင်အား ၂၀၀ ဦးကျော်ဖြင့် တံတားပြင်ဆင်မှုများ ဆောင်ရွက်လျက်ရှိရာ ဆယ်ရက်ကျော်ပြီဖြစ်ကြောင်း မြန်မာ့မီးရထားထံမှသိရသည်။

ရန်ကုန်-မန္တလေး ရထားလမ်းပိုင်းတွင် အမြန်လူစီးကုန်တင်ရထား ခြောက်စင်း၊ စာပို့ရထားနှစ်စင်း၊ ရန်ကုန်-နေပြည်တော် လမ်းပိုင်းတွင် နှစ်စင်း၊ ရန်ကုန်-မော်လမြိုင် လမ်းပိုင်းတွင် သုံးစင်းတို့ဖြင့် ပြေးဆွဲလျက်ရှိကြောင်း မြန်မာ့မီးရထား၊ (တိုင်း-၇)၊ သွားလာပို့ဆောင်ရေးဌာနထံမှ သိရသည်။

J-06


  • VIA