POST TYPE
SUMMER SPECIAL
စစ်တွေတက္ကသိုလ်သို့ ကြိုပို့ ပြေးဆွဲနေကြသည့် ယာဉ်လိုင်းများ အကန့်အသတ်မရှိ ရပ်ဆိုင်း
31-Aug-2018
စစ်တွေ၊ ဩဂုတ် ၃၀
စစ်တွေတက္ကသိုလ်၌ တက်ရောက်နေကြသော ကျောင်းသား၊ ကျောင်းသူများအား ကြို/ပို့ ပြေးဆွဲနေကြသည့် ရိုးမသဇင် တက္ကသိုလ်ယာဉ်လိုင်းကို ပြေးဆွဲရန် အဆင်မပြေသဖြင့် ဩဂုတ်လ ၂၈ ရက်က ယာဉ်မောင်းသူများ ညှိနှိုင်းပြီး အကန့်အသတ်မရှိ ရပ်ဆိုင်းလိုက်ကြသည်။
တက္ကသိုလ်တွင်းသို့ တရားမဝင် သုံးဘီးဆိုင်ကယ်များ ဝင်ရောက်ပြေးဆွဲလာရာ တရားဝင်ပြေးဆွဲနေကြသော ယာဉ်မောင်းများ တစ်နေ့လျှင် တစ်ကြောင်းသာ ပြေးဆွဲနေရပြီး စားဝတ်နေရေး အခက်အခဲဖြစ်လာသောကြောင့် ရပ်ဆိုင်းလိုက်ရခြင်းဖြစ်ကြောင်း ယာဉ်မောင်းများက ဆိုသည်။
“ဆီဈေးတွေကလည်း တက်လာတယ်၊ အရင်တုန်းကဆိုရင် တစ်နေ့မှာ တက္ကသိုလ်ကို လမ်းကြောင်း နှစ်ကြောင်း၊ သုံးကြောင်းလောက် သွားရတယ်။ အခုက တစ်ကြောင်းကိုတောင် အသည်းအသန် လိုက်ဆွဲနေရတယ်”ဟု စစ်တွေတက္ကသိုလ် ကြိုပို့ ရိုးမသဇင်ယာဉ်လိုင်း အသင်းဥက္ကဋ္ဌ ဦးသန်းဇော်က ပြောသည်။
တက္ကသိုလ်ယာဉ်လိုင်းကို ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးမောင်မောင်အုန်း လက်ထက်တွင် တရားဝင်သတ်မှတ်ပေးခဲ့ပြီး တရားမဝင် ကား၊ သုံးဘီးများ ဝင်ရောက်ပြေးဆွဲခြင်းမရှိစေရန် ယာဉ်ထိန်းရဲများကိုလည်း တာဝန်ချထားပေးခဲ့ကြောင်း ကားသမားများထံမှ သိရသည်။
အဆိုပါကိစ္စရပ်နှင့်ပတ်သက်၍ အစိုးရနှင့်တက္ကသိုလ်မှ တာဝန်ရှိသူများကို တင်ပြထားသော်လည်း ဖြေရှင်းပေးခြင်း မရှိကြောင်း၊ အစိုးရအနေနှင့် ယခုအခက်အခဲကို တာဝန်ယူ ဖြေရှင်းပေးစေလိုကြောင်း စစ်တွေတက္ကသိုလ်ကြိုပို့ ရိုးမသဇင်ယာဉ်လိုင်းအသင်း ဥက္ကဋ္ဌ ဦးသန်းဇော်က ထောက်ပြသည်။
ယခင်အစိုးရလက်ထက်က Hijet အမျိုးအစားကားအစီး ၁၀၀ ကျော်ကို တရားဝင် ဆောင်ရွက်ပေးခဲ့သော်လည်း လက်ရှိတွင် ကားအစီး ၇၀ ကျော်ခန့်သာရှိကြောင်း ၎င်းတို့ထံမှသိရသည်။
သုံးဘီးဆိုင်ကယ်မောင်းသူ ဦးမျိုးဝင်းလှိုင်က “ကျွန်တော်တို့က ဝင်မဆွဲပါဘူး။ ကြုံမှလိုက်မလား လိုက်မယ်ဆိုရင်တောင် ဒီဧရိယာအပြင်ကပဲ တင်တယ်၊ ကျွန်တော်တို့က နှစ်ယောက်နဲ့လည်း သွားချင်သွားတယ်၊ အပြည့်တော့မရဘူး၊ ကားမူးတဲ့သူတွေ၊ အမြန်သွားချင်တဲ့ သူတွေလည်းရှိတာကို”ဟု ပြောသည်။
ကြို/ပို့ ယာဉ်တစ်စီးတွင် လူ ၁၃ ဦး ဆံ့ပြီး တစ်ဦးလျှင် ၃၀၀ ကျပ်နှုန်းဖြင့် လူပြည့်မှသာ ထွက်ခွာကြောင်း၊ သုံးဘီး ဆိုင်ကယ်၌မှု တစ်ဦးလျှင် ၃၀၀ ကျပ်နှုန်း ကျသော်လည်း အရေးကြီးကိစ္စများရှိ၍ အမြန်သွားလိုပါက အဆင်ပြေကြောင်း ကျောင်းသားကျောင်းသူများက ပြောသည်။
R-22
- VIA
- Thura Htun
- SOURCES
- The Voice
-
19-Feb-2019
-
19-Feb-2019
-
19-Feb-2019
-
19-Feb-2019
-
19-Feb-2019
-
19-Feb-2019
-
15-Feb-2019