News

POST TYPE

SUMMER SPECIAL

ထရမ့်-ကင် ထိပ်သီးဆွေးနွေးပွဲတစ်ရက်အလို နှစ်ဖက်အရာရှိကြီးများ ဒူးတိုက်ဆွေးနွေး၊ ခေတ်အပြောင်းအလဲဖြစ်ရန် အားလုံးကမျှော်လင့်
12-Jun-2018


စင်ကာပူ၊ ဇွန် ၁၁

စင်ကာပူနိုင်ငံသို့ရောက်ရှိနေသော အမေရိကန်ပြည်ထောင်စုနှင့် မြောက်ကိုရီးယား အစိုးရအရာရှိကြီးများသည် ၎င်းတို့၏ ခေါင်းဆောင်နှစ်ဦးဖြစ်သော ဒေါ်နယ်ထရမ့်နှင့်ကင်ဂျုံအန်းတို့၏ သမိုင်းဝင်ထိပ်သီးဆွေးနွေးပွဲ မစတင်မီ တစ်ရက်အလို ဇွန်လ ၁၁ ရက် (တနင်္လာနေ့) က တွေ့ဆုံကာ နှစ်နိုင်ငံအကြားတွင်ရှိသည့် မတူကွဲပြားခြားနားမှုများ အနည်းဆုံးဖြစ်သွားအောင် ဆွေးနွေးညှိနှိုင်းခဲ့ကြကြောင်း၊ ယင်းဖြစ်ရပ်သည် ခေတ်ကာလတစ်ခု အပြောင်းအလဲပင်ဖြစ်သည်ဟု လေ့လာစောင့်ကြည့်သူများက ပြောကြားကြောင်း Reuters သတင်းဌာနက ရေးသားဖော်ပြသည်။ 

ကင်ဂျုံအန်းနှင့် ဒေါ်နယ်ထရမ့်တို့သည် အဆိုပါထိပ်သီးဆွေးနွေးပွဲ တက်ရောက်ရန် ဇွန်လ ၁၀ ရက် (တနင်္ဂနွေ) နေ့က နေ့လယ်ပိုင်းနှင့် ညပိုင်းတို့တွင် စင်ကာပူသို့ အသီးသီးရောက်ရှိခဲ့ကြသည်။ ၎င်းတို့သည် ၁၉၅၀-၅၃ ခုနှစ် ကိုရီးယားစစ်ပွဲပြီး ဆုံးသွားသည့်အချိန်မှ၍ ရန်သူဖြစ်ခဲ့ကြသော ဝါရှင်တန်နှင့်ပြုံယမ်းတို့အကြား မတူကွဲပြားချက်များ လျော့နည်းပြီး သမိုင်းဝင် ထိပ်သီးဆွေးနွေးပွဲတွင် အရေးကြီးသည့် အာဂျင်ဒါများပါဝင်စေရန် အစွမ်းကုန် ကြိုးပမ်းနေကြခြင်းလည်းဖြစ်သည်။ 

မြောက်ကိုရီးယားနိုင်ငံပိုင် KCNA သတင်းဌာန၏ ဖော်ပြချက်အရ နှစ်နိုင်ငံဆက်ဆံရေး ပြန်လည်စတင် (ပြန်လည်ပျိုးထောင်) နိုင်ရေးအတွက် ကျယ်ပြန့်လေးနက်သော အမြင်များကို နှစ်ဖက်စလုံးက ထိပ်သီးဆွေးနွေးပွဲတွင် ဖလှယ်သွားကြမည်ဖြစ်သည်။ 

“ထိပ်သီးဆွေးနွေးပွဲဟာ အပြောင်းအလဲဖြစ်သွားသည့် ခေတ်ကာလတစ်ခု၏ အစိတ်အပိုင်းတစ်ခုဖြစ်သည်”ဟု KCNA သတင်းဌာနက ညွှန်းဆိုသည်။ 

ထို့ပြင် နှစ်ဖက်ဆွေးနွေးမှုများသည် ကိုရီးယားကျွန်းဆွယ်ဒေသ ငြိမ်းချမ်းရေး ထာဝရတည်မြဲအောင် လုပ်ဆောင်နိုင်မည့် စနစ်တစ်ခု ပေါ်ပေါက်ရေး၊ ကိုရီးယားကျွန်းဆွယ်ဒေသ နျူကလီးယားဖျက်သိမ်းရေး အပါအဝင် အခြားနှစ်ဖက်အကျိုးစီးပွားနှင့် သက်ဆိုင်သော အရေးကိစ္စများကို ဦးတည်မည်ဖြစ်သည်ဟု KCNA က ဖော်ပြသည်။ 

စင်ကာပူသို့ အလားတူရောက်ရှိနေသည့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုက ၎င်း၏ Twitter အကောင့်တွင် “ကိုရီးယားကျွန်းဆွယ်ဒေသ၌ နောက်ကြောင်းပြန်မလှည့်နိုင်သော၊ ပြီးပြည့်စုံသော၊ ကျိန်းသေပေါက်အတည်ပြုနိုင်သော နျူကလီးယားဖျက်သိမ်းရေး ပေါ်ပေါက်လာရန် ဝါရှင်တန်အနေနှင့် ဆုံးဖြတ်ထားပြီးဖြစ်သည်”ဟု ဖော်ပြသည်။

လေ့လာစောင့်ကြည့်သူများနှင့် နိုင်ငံရေးပညာရှင်များကမူ မြောက်ကိုရီးယားသည် ကမ္ဘာပေါ်တွင် ကြိုတင်ခန့်မှန်းရန် အခက်ခဲဆုံးသော နိုင်ငံတစ်နိုင်ငံဖြစ်ရာ နျူကလီးယားလက်နက် စွန့်လွှတ်မည်ဟု ဆိုထားသောကိစ္စအပေါ် သံသယရှိကြသည်။ ယခုလို အမေရိကန်ပြည်ထောင်စုနှင့် စေ့စပ်ညှိနှိုင်းမှုပြုလာခြင်းသည် ဒဏ်ခတ်အရေးယူမှုများ ဖယ်ရှားပေးလာရေးအတွက်သာ ဦးတည်ခြင်းဖြစ်လိမ့်မည်ဟု ၎င်းတို့က ယုံကြည်ကြသည်။ 

အမည်မဖော်လိုသော အမေရိကန် အစိုးရအရာရှိကြီးတစ်ဦးက အမေရိကန်တို့ဘက်က အပြုသဘောဆောင်သော သဘောထားဖြင့် ထိပ်သီးဆွေးနွေးပွဲသို့ ဝင်ရောက်လာခြင်းဖြစ်ကြောင်း၊ သို့သော် နျူကလီးယားလက်နက် တပ်ဆင်ထုတ်လုပ်ခဲ့သည့် မြောက်ကိုရီးယား၏ သမိုင်းကြောင်း ရှိထားသောကြောင့် သံသယစိတ်များလည်း ဆတူရှိနေကြောင်း ပြောကြားသည်။ 

“ဘယ်လိုအခြေအနေမျိုးပဲ ဖြစ်လာဖြစ်လာ ကျွန်တော်တို့ဘက်က အထူးတလည် အံ့အားသင့်မှာတော့ မဟုတ်ပါဘူး”ဟု ၎င်းက သုံးသပ်ပြောဆိုသည်။ 

သမ္မတဒေါ်နယ်ထရမ့်ကမူ ထိပ်သီးဆွေးနွေးပွဲနှင့်ပတ်သက်၍ ဘယ်လိုခံစားရပါသလဲဟု သတင်းထောက်တစ်ဦးက မေးမြန်းရာ “သိပ်ကောင်းတယ်”ဟု ဖြေကြားသွားသည်။ ထို့နောက် Twitter စာမျက်နှာတွင် “စင်ကာပူမှာရှိနေရတာ အင်မတန်ကောင်းတာပဲ၊ စိတ်လှုပ်ရှားမှုတွေလည်း ပြည့်နှက်နေတယ်”ဟု ဖော်ပြသည်။ 

ကင်ဂျုံအန်းသည် ယမန်နေ့နေ့လယ်ပိုင်းက စင်ကာပူသို့ Air China အထူးလေယာဉ်ဖြင့် ရောက်ရှိလာပြီး ၎င်းကို စင်ကာပူနိုင်ငံခြားရေးဝန်ကြီး ဗီဗီယန်ဘာခရစ်ဟန်က ကြိုဆိုခဲ့သည်။ 

F-01


  • VIA