News

POST TYPE

SUMMER SPECIAL

AI တော်လှန်ရေးအတွက် စင်ကာပူ ခြေလှမ်း
02-Jun-2018

ကမ္ဘာ့ပညာရေးစနစ်က AI (Artificial Intell- igence) ဆိုသည့် လမ်းကြောင်းဘက်ကို ဦးတည်နေချိန်တွင် စင်ကာပူကလည်း နောက်ကျမကျန်နေစေရန် အသည်းအသန်ပြင်ဆင်နေပြီး စင်ကာပူကို AI အတွက် သုတေသနနှင့် စွန့်ဦးလုပ်ငန်းများ စတင်လုပ်ဆောင်နိုင်မည့် ဗဟိုအချက်အချာကျသော နိုင်ငံဖြစ်စေရမည်ဟု ထုတ်ဖော်လိုက်သည်။ နိုင်ငံ့ခေါင်းဆောင်များကလည်း AI ဖြင့် အနာဂတ်စီးပွားရေးကို တည်ဆောက်ပြီး နိုင်ငံသားများ၏ အလုပ်အကိုင် အာမခံချက်ရှိရေးအတွက် AI ကို တိုးချဲ့လုပ်ဆောင်ရန် ကတိပေးထားသည်။

အကယ်၍ AI စနစ်ကို အခြားသောနိုင်ငံများက လက်တွေ့အကောင်အထည် ဖော်လာပြီဆိုလျှင် အလုပ်တွေပြုတ်ကုန်မည့် အရေးကိုလည်း ထည့်တွက်ထားရသည်။ AI နှင့် အံဝင်မည့် ပညာရေးဆိုသည်မှာ လက်တွေ့ကျွမ်းကျင်စွာဖြင့် လုပ်ကိုင်နိုင်မည့် ပညာရှင်မွေးထုတ်ရေးစနစ်ဖြစ်သည်။ စာတွေ့မဟုတ်၊ လက်တွေ့ဖန်တီးနိုင်သူများ မွေးထုတ်ရေးဖြစ်သည်။ ထို့သို့ပြုပြင်ပြောင်းလဲရန် လက်ရှိပညာတတ်များကိုပင် အဆင့်မြင့် အတတ်ပညာများအား ထပ်သင်ပေးကောင်း ပေးရပေလိမ့်မည်။ အနာဂတ်တွင် ဘဏ်ကြီးများကအစ စက်ရုပ်တွေကို အသုံးပြုလာကြပေလိမ့်မည်။ AI စနစ်က ထိန်းချုပ်မှုအားလုံးကို လုပ်ကိုင်လာမည်ဆိုလျှင် ဘဏ်အတွက်မည်သို့သော ပညာရှင်ကို မွေးထုတ်ရမည်နည်းဆိုခြင်းမှာ အလေးပေး စဉ်းစားရမည့်ကိစ္စဖြစ်လာသည်။ စာရင်းကိုင် အတတ်လောက်ကို သင်ပေးနေရုံဖြင့် မလုံလောက်တော့။ ကွန်ပျူတာတွေက အားလုံးကို အဖြေထုတ် လုပ်ဆောင်ပေးနိုင်ပြီဖြစ်သည်။

နည်းပညာက လူသားတွေ၏ အလုပ်အကိုင်များစွာကို လျှော့ချဖျက်ထုတ်ခဲ့ခြင်းကို လက်တွေ့သိမြင်ခဲ့ကြပြီးဖြစ်သည်။ ကွန်ပျူတာစနစ် ပေါ်ပေါက်လာခြင်းက အလုပ်တွေအတော်များများကို ပျက်စီးသွားစေခဲ့သည်။ အကယ်၍သာ AI စနစ်ဖြင့် လူသားအတိုင်း လုပ်ဆောင်နိုင်သည့် စက်များကို တီထွင်ထုတ်လုပ်နိုင်မည်ဆိုလျှင် စင်ကာပူနိုင်ငံအနေနှင့်လည်း အလုပ်အကိုင်များကို အသွင်ပြောင်းနိုင်ရန် လုပ်ရပေတော့မည်။ 

စင်ကာပူနိုင်ငံသည် AI Singapore ပရောဂျက်ကို အမျိုးသားသုတေသနဖောင်ဒေးရှင်း၏ လက်အောက်တွင် ၂၀၁၇ ခုနှစ် မေလကတည်းက စတင်အကောင်အထည်ဖော် ဆောင်ရွက်နေပြီဖြစ်သည်။ ငါးနှစ်အတွင်း အကောင်အထည်ဖော်နိုင်ရန်အတွက် စင်ကာပူဒေါ်လာ သန်း ၁၅၀ ခန့်ကို ရင်းနှီးမြှုပ်နှံထားသည်။ AI Apprenticeship Program ကို ၉ လကြာ သင်တန်းပေးထားပြီး ပညာရှင်များကို ကြိုတင်မွေးထုတ်ထားသည်။ ထို့ပြင် 100 Experiments (100E) ပရိုဂရမ်ဖြင့်လည်း သင်တန်းပေးထားသည့် ပညာရှင်များကို လုပ်ငန်းခွင် လက်တွေ့သင်တန်းတွေ ထပ်ပေးထားသည်။ သူတို့သည် AI အတွက် ရှေ့ပြေးပညာရှင်များဖြစ်ပြီး ထိုသင်တန်းဆင်းများကို ဆရာများအဖြစ် သုတေသနလုပ်ငန်းများအား လုပ်ဆောင်ခိုင်းမည့်အပြင် 100E ၏ သုတေသီများအဖြစ်လည်း အနာဂတ် AI ကို စင်ကာပူတွင်မည်သို့ အကောင်အထည်ဖော်ပေးရမည်ဆိုခြင်းအား သူတို့လက်ထဲ ထည့်ပေးထားကာ အကြံဉာဏ်များ ရယူကြပေလိမ့်မည်။

AI ပညာရှင်များအဖြစ် မွေးထုတ်ထားခြင်းခံရသူများသည် AI ကုမ္ပဏီများ ပေါ်ထွန်းလာရေးနှင့် AI ဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများ ပေါ်ထွန်းလာရေးကို အကူအညီများပေးကြရမည် ဖြစ်သည်။ ပရိုဂရမ်မာများ၊ အင်ဂျင်နီယာများကို အလုပ်အကိုင်အခွင့်အလမ်းများအတွက် ပုံစံချမည်။ အစဉ်အလာ နည်းပညာဖြင့် ကျွမ်းကျင်တတ်မြောက် သူများကို အဆင့်မြင့်သိထားရမည့် ပညာများထပ်ပေးနိုင်ရန် စီစဉ်နေကြသည်။ သူတို့ ပြုပြင်ပြောင်းလဲရန် စီစဉ်နေကြသည့် လုပ်ငန်းများမှာ ဘဏ္ဍာရေး၊ အရောင်း၊ ဈေးကွက်၊ အုပ်ချုပ်ရေးပိုင်ဆိုင်ရာ လုပ်ငန်းများကို အဓိကကိုင်တွယ်ကာ ပြုပြင်ပြောင်းလဲကြမည်ဖြစ်သည်။ 

AI ဖြင့် လုပ်ငန်းများ ပြုပြင်ပြောင်းလဲခြင်းကို အဆိုးတွက်နေရန် မဖြစ်နိုင်ပါ။ ပြောင်းလဲမှုကို အကောင်းမြင်စိတ်ဖြင့် လိုက်လံပြုပြင် ပြောင်းလဲသွားရန်သာဖြစ်သည်။ အစဉ်အလာသမားတွေ အနေနှင့် ပြုပြင်ပြောင်းလဲရန် အခက်အခဲများ ရှိကောင်းရှိနိုင်သော်လည်း မပြုပြင် မပြောင်းလဲပါက နောက်ကောက်ကျတော့မည်ဆိုလျှင် လိုက်ပါပြုပြင်ပြောင်းလဲကြမည်သာဖြစ်သည်။ 

စင်ကာပူနိုင်ငံအတွက် အရေးတကြီး လုပ်ဆောင်ရမည့်ကိစ္စမှာ လုပ်ငန်းခွင်တွင် လက်တွေ့ဝင်ရောက်နေသူ အားလုံး၏ Mindset ကို ပြုပြင်ပြောင်းလဲရေးပင်ဖြစ်သည်။ သူတို့ကို ပြုပြင်ပြောင်းလဲနေသည့် ခေတ်နှင့်အညီ နည်းပညာများကို သဘောပေါက်ပြီး လိုက်ပါပြောင်းလဲရတော့မည်ဖြစ်ကြောင်းကို ဦးစွာပညာပေးရန် လိုအပ်နေသည်။ စင်ကာပူကို ပြုပြင်ပြောင်းလဲတော့မည်ဆိုလျှင် သင်ယူမှု (ပညာရေး) ကို ပုံစံပြောင်းရမည်။ ပညာတတ်ဆိုသူတွေကို ပြန်လည်သင်ကြားခြင်း (Reskilling) ပြန်လုပ်ပေးရမည်။ ထို့ပြင် အလုပ်တွေကို ပြုပြင်ပြောင်းလဲလိုက်သလို အစားထိုးလာမည့် လုပ်ငန်းသစ်တွေကိုလည်း မိတ်ဆက်ပေးထားနိုင်ရန် ကြံဆောင်ထားရမည်။

စင်ကာပူနိုင်ငံတွင် အဓိကဦးစားပေး လုပ်ဆောင်နေကြသည့် အစီအစဉ်တစ်ခုမှာ SSG (Skills Future Singapore) ဖြစ်သည်။ SSG အဖွဲ့ကို ပညာရေးဝန်ကြီး လက်အောက်တွင်ထားပြီး ဘဝတစ်သက်တာ ပညာရှာ နိုင်ရေးအစီအစဉ်များကို တိုးမြှင့်လုပ်ဆောင်နေကြသည်။ အရွယ်မရွေး ပညာပြန်လည်သင်ယူနိုင်မည့် အစီအစဉ်တစ်ခုဖြစ်သည်။ ထိုပရိုဂရမ်က အသက်အရွယ်ကြီးသည့် ပညာရှင်များဖြင့် စင်ကာပူထူထောင်ရေးကို ပြန်လည်လုပ်ဆောင်နိုင်ရန်ဖြစ်သည်။

ပညာရှင်သက်ကြီး ရွယ်အိုများကို ကျောင်းပြန်တက်စေပြီး သုတေသနလုပ်ငန်းများတွင် ပါဝင်လာစေရန် စင်ကာပူသည်  Institute for the Application of Learning Science and Education Technology (ALSET) ဆိုသည့် အစီအစဉ်တစ်ခုကိုလည်း ချမှတ်ထားသည်။ ထိုအစီအစဉ်က သက်ကြီးပညာရှင်များ မွေးထုတ်ရေးဖြစ်ပြီး ပြုပြင်ပြောင်းလဲလာမည့် ဈေးကွက်နှင့် လုပ်ငန်းခွင်များ ပြုပြင်ပြောင်းလဲရေးကို အထောက်အကူပေးနိုင်ရေးဖြစ်သည်။ ဆိုလိုသည်မှာ စင်ကာပူသည် AI ကို ခေတ်ရှေ့ပြေးနိုင်ရေးတွင် အတွေ့အကြုံရှိသူ လူကြီးများကိုလည်း တွဲခေါ်နေသည့်သဘောဖြစ်သည်။

ALSET ပရိုဂရမ်အနေနှင့်လည်း သုတေသန အဖွဲ့ပေါင်း ၂၀ ဖွဲ့စည်းကာ ပညာရေး၊ သင်တန်းပေးရေးနှင့် အလုပ်အကိုင်အခွင့်အရေးများကို AI ဖြင့် အံဝင်ခွင်ကျဖြစ်စေရန် သူတို့ပြင်ဆင်နေကြသည်။ စင်ကာပူနိုင်ငံတွင် AI လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် LinkedIn ကုမ္ပဏီကလည်း သုံးနှစ်အတွင်း အကောင်အထည်ဖော်ရန် Lee Kuan Yew School နှင့် သဘောတူစာချုပ်များ ချုပ်ဆိုထားသည်။ 

စင်ကာပူသည် အနာဂတ်ကို AI လမ်းကြောင်းအတိုင်းသွားရန် ကြိုတင်ပြင်ဆင်နေသည်။ စင်ကာပူကိုကျော်ချင်သည့် နိုင်ငံများ ဘာတွေကို ပြင်ဆင်ထားပြီးပြီနည်း။

E-01
(Ref: The Straits Times)



  • VIA