News

POST TYPE

SUMMER SPECIAL

ထိုင်းနိုင်ငံတက္ကသိုလ်များကို လေ့လာဆန်းစစ်ခြင်း
27-Feb-2018


Times Higher Education (THE) အဖွဲ့၏ ၂၀၁၈ ခုနှစ် အာရှတက္ကသိုလ်များ အဆင့်သတ်မှတ်ချက်စာရင်း ထွက်လာသည်။ ထို့ကြောင့် ထိုင်းနိုင်ငံတက္ကသိုလ်များ၏ အဆင့်ကိုလည်း ဆန်းစစ်စရာဖြစ်လာပါသည်။ ၂၀၁၈ ခုနှစ်စစ်တမ်းတွင် ထိုင်းနိုင်ငံတက္ကသိုလ်များအဆင့်က အိမ်နီးချင်းနိုင်ငံများထက်ပင် အောက်ကိုရောက်သွားကြောင်း တွေ့လိုက်ရသည်။ 

NUS ဟုခေါ်သည့် စင်ကာပူနိုင်ငံမှ National University of Singapore သည် နံပါတ်တစ်နေရာတွင် သုံးနှစ်ဆက်တိုက် ဗိုလ်စွဲထားသည်။ အဘယ်ကြောင့်ဆိုသော် သင်ကြားနည်းစနစ်များနှင့် သုတေသနလုပ်ငန်းများကို တုနှိုင်းယှဉ်၍ မရနိုင်လောက်အောင် ဖြစ်နေသောကြောင့်ပင်။ တက္ကသိုလ်အဆင့်က မွေးထုတ်လိုက်သူတိုင်း လုပ်ငန်းခွင်တွင် အဆင့်မြင့်နေရာ အလုပ်များ ပြန်ရနေခြင်းကလည်း NUS ၏ ဂုဏ်ကို ပိုပြီးမြင့်မားစေသည်။

ယခုနှစ်အတွက် THE ၏ တက္ကသိုလ်အဆင့် သတ်မှတ်ချက်သည် ၃၀၀ မှ ၃၅၀ သို့ တိုးလာသည်။ အာရှတွင် ဂျပန်နိုင်ငံနှင့်တရုတ်နိုင်ငံ တက္ကသိုလ်များက ထိပ်တန်းတက္ကသိုလ် ၃၅၀ စာရင်းဝင်တွေဖြစ်လာသည်။ 

စိုးရိမ်စရာကောင်းသည်က ထိုင်းနိုင်ငံတက္ကသိုလ်များဖြစ်သည်။ ထိုင်းနိုင်ငံတက္ကသိုလ်များသည် ထိပ်တန်း ၅၀ စာရင်းတွင်လည်း မဝင်နိုင်အောင် ဖြစ်နေသည်။ ထိုင်းနိုင်ငံတွင် အကောင်းဆုံးတက္ကသိုလ်အဖြစ် သတ်မှတ်ခြင်းခံထားရသည်မှာ Mahidol ဖြစ်သည်။ မဟီဒေါသည်ပင် နံပါတ် ၉၇ နေရာတွင် ရှိနေသည်။ ၂၀၁၇ ခုနှစ်က နေရာအတိုင်း ရပ်တန့်နေခြင်းဖြစ်သည်။ 
Chulalongkorn တက္ကသိုလ်သည် ၃၅၀ တွင် အဆင့် ၁၆၇ ၌ ရှိနေသည်။

တက္ကသိုလ်တစ်ခု၏ အဆင့်ကို သတ်မှတ်သည်ဆိုရာတွင် ဘက်စုံအနေအထားကို သုံးသပ်ပြီးမှ ဆုံးဖြတ်ကြခြင်းဖြစ်သည်။ တစ်ခုကောင်းကိုကြည့်ခြင်း မဟုတ်ပါ။ လုပ်ဆောင်ချက်များညံ့နေလျှင် အဖြေလည်း ညံ့မည်သာဖြစ်သည်။ ထိုင်းနိုင်ငံသည် အရှေ့တောင်အာရှ နိုင်ငံများအတွင်း ပညာရေးဗဟိုဌာနကြီးတစ်ခု ဖြစ်လာစေရန် အားထုတ်ကြိုးပမ်းနေသည့် နိုင်ငံတစ်နိုင်ငံဖြစ်သည်။ သို့သော် အဘယ်ကြောင့် စင်ကာပူနှင့်မလေးရှား နိုင်ငံများနောက်ကို ရောက်နေရသနည်းဆိုသည်မှာ ပြန်လည်ဆန်းစစ်ရန် ဖြစ်လာသည်။ 

အဆင့်နိမ့်ကျခြင်းက တက္ကသိုလ်တစ်ခု၏ ပုံရိပ်ကိုလည်း ထိခိုက်စေသည်။ နိုင်ငံတကာက အဆင့်ကို ကြည့်လိုက်ပြီး သုတေသနလုပ်ငန်းများတွင် ပူးတွဲလုပ်ဆောင်လိုမှုများ လျော့နည်းကောင်း လျော့နည်းလာနိုင်သည်။ ထိုသို့လျော့နည်းလျှင် နိုင်ငံမှကျောင်းသားများ ထိုင်းသို့လာရောက် ပညာသင်ကြားမှုလည်း နည်းကောင်း နည်းသွားနိုင်သည်။ ထိုင်းနိုင်ငံပညာရေးကို စိတ်ဝင်စားမှုနည်းသွားလျှင် ကမ္ဘာနှင့်ယှဉ်ပြိုင် နိုင်စွမ်းများတွင်လည်း လျော့နည်းသွားနိုင်သည်။

တက္ကသိုလ်တစ်ခု၏အဆင့်ကို သတ်မှတ်ရာတွင် နိုင်ငံအတွင်းရှိ မူဝါဒချမှတ်နေသူများက ထုတ်ပြန်သော သဘောတရားများအပေါ် မီဒီယာတွေက ရေးသားဝေဖန်မှုများကလည်း အရေးကြီးသည်။ မီဒီယာတွေက မလိုတစ်မျိုး၊ လိုတစ်မျိုးရေးလိုက်သည်ကို နားလည်မှုလွဲပြီး ပိုင်းဖြတ်လိုက်ခြင်းကြောင့် အဆင့်တွေ လျော့ကျသွားရသည်များလည်း ရှိတတ်ကြောင်း ကိုလံဘီယာ တက္ကသိုလ်၊ ဆရာအတတ်သင်ကောလိပ်မှ ပါမောက္ခ ဂီတာစတိန်းနားခမ်ဆီ၏ ထောက်ပြထားချက်ကလည်း စဉ်းစားစရာဖြစ်သည်။ 

ထိုင်းနိုင်ငံသည် ၁၉၉၇ ခုနှစ်က အာရှထိပ်တန်း တက္ကသိုလ်အဆင့်ကို ရရှိခဲ့ဖူးသည်။ ထိုစဉ်က မီဒီယာတွေကလည်း မူဝါဒချမှတ်သူများ၊ နိုင်ငံရေးသမားများကို ချီးမြှောက်ရေးသားကြသဖြင့် ဒီရေကမြင့်တက်ပြီး ထိပ်တက်သွားခြင်းဖြစ်သည်။ ထိုမှသည် ဆယ်စုနှစ်တစ်စုအကြာ ပညာရေးမူဝါဒများကို ဆန်းစစ်ရာတွင် နိုင်ငံရေးမတည်ငြိမ်မှုများနှင့် စစ်အာဏာသိမ်းမှုများက ပညာရေး၏ ပုံရိပ်များကိုပါ ထိခိုက်စေခဲ့သည်။ ထို့ကြောင့် အဆင့်ဆိုသည် တကယ့်အစစ်အမှန်လားဟု ဝေဖန်ဆန်းစစ်မှုများ ရှိလာသည်။

“အဆင့်ဆိုတာကတော့ မှန်လိုပဲ ပုံရိပ်ကောင်း ထင်စေတာပေါ့။ တခြားသူတွေနဲ့ ယှဉ်လိုက်ရင် အဆင့်က ထိပ်ရောက်နေတယ်ဆိုတာ ပိုကောင်းတယ်လေ။ ဒါပေမဲ့လက်တွေ့မှာ အဲဒီလို သတ်မှတ်တဲ့အတိုင်း မဖြစ်တာတွေ အများကြီး။ ထိုင်းနိုင်ငံပညာရေးမှာ ဖိအားတွေ အများကြီးရှိနေတယ် ဆိုတာကတော့ အမှန်ပဲ”ဟု ပညာရေးကောင်စီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ပညာရေးတွင် အဆင့်တစ်ခုကို သတ်မှတ်ရာ၌ ကျောင်းသားများ၏ အရည်အသွေးကလည်း အရေးကြီးသည်။ ထို့ပြင် အရည်အသွေးပြည့်သည့် သင်ရိုးများကို သင်နေသလား၊ သင်သည့် ဆရာတွေကရော အရည်အသွေး ပြည့်သလားဆိုသည့် အချက်များကိုပါ ထည့်သွင်းစဉ်းစားပါသည်။

ထိုင်းနိုင်ငံတွင် အရေအတွက်မှသည် အရည်အချင်းဆီသို့ဆိုပြီး ကျောင်းသားများကို ဖော်ဆောင်နေသည်။ လွန်ခဲ့သော နှစ်ပေါင်း ၁၀၀ ခန့်ကတည်းက ထိုင်းနိုင်ငံ ပညာရေးစနစ်မှာ ကောင်းခဲ့ပါသည်။ ထိုင်းနိုင်ငံတွင် အဆင့်မြင့်ပညာရေးကို စတင်အကောင်အထည်ဖော်စဉ်က ပထမနှစ် ၅၀ အတွင်း ဘန်ကောက် မြို့ပြဧရိယာအတွင်း တက္ကသိုလ် ၅ ခုသာရှိခဲ့သည်။ ယခုအခါ တစ်နိုင်ငံလုံးတွင် တက္ကသိုလ်ပေါင်း ၁၅၁ ခု ရှိနေပြီဖြစ်သည်။ တက်ရောက် ပညာသင်ကြားနေသည့် ကျောင်းသားကလည်း ၂ သန်းကျော်ရှိသည်။ သို့သော်ဘွဲ့ရ အရေအတွက်အလိုက် အလုပ်အကိုင်အခွင့်အလမ်း ဖော်ဆောင်ပေးနိုင်မှုမှာ နည်းပါးသေးသည်ဟု ဆိုရမည်။ ထို့ပြင် အင်္ဂလိပ်စာကျွမ်းကျင်မှုအပိုင်းတွင်လည်း အားနည်းပြီး လက်ရှိနိုင်ငံတကာ ပညာရေးတွင် ဦးစားပေး ဖော်ဆောင်နေသည့် Critical Thinking အပိုင်းတွင်လည်း များစွာလုပ်ဆောင်ပေးရန် လိုအပ်နေသေးသည်။

ထိုင်းနိုင်ငံ တက္ကသိုလ်များတွင် ပြဋ္ဌာန်းထားသော သင်ရိုးညွှန်းတမ်းများသည် အဆင့်မြှင့်ရန် လိုအပ်နေပါသည်။ ထိုင်းနိုင်ငံ အဆင့်မြင့်ပညာရေးကော်မရှင်က ထိုင်းနိုင်ငံ၏ TQF (Thailand Qualification Framework) ကို သတ်မှတ်ပြဋ္ဌာန်းပေးထားပြီးဖြစ်သည်။ ကမ္ဘာ့အဆင့်မီအောင် ဆောင်ရွက်မည်ဟု ဆိုထားသည်။ သို့သော် အစိုးရ၏စိတ်ထဲတွင် သင်ရိုးနှင့်ပတ်သက်ပြီး စိတ်တိုင်းမကျဖြစ်နေမှုများကလည်း ထိုင်းပညာရေးကို ပြုပြင်ပြောင်းလဲရန် အခက်တွေ့စေသည်။ လက်ရှိအနေအထားတွင် ထိုင်းနိုင်ငံ အဆင့်မြင့်ပညာရေးအတွက် အလိုအပ်ဆုံးမှာ အဆင့်မြင့်သင်ရိုးဖြစ်သည်။ 

ထိုင်းနိုင်ငံတွင် အရည်အသွေးပြည့်မီသည့် ဆရာများနှင့် အရည်အသွေးပြည့်မီသည် သင်ကြားမှုများ ရှိနေပြီလားဆိုသည်ကိုလည်း ဆန်းစစ်သင့်သည်။ စာသင်ခန်းတွေကို အကျယ်ကြီးတွေ တည်ဆောက်ပေးထားရုံနှင့် မပြီးပါ။ ဆရာက အတန်းရှေ့ထွက်ပြီး ငါသိ၊ ငါတတ် ဆရာဗဟိုပြုသင်ကြားရေးစနစ်သည် ခေတ်ကုန်နေပြီဆိုခြင်းကို သဘောပေါက်သင့်ပါသည်။ တစ်ခါတစ်ရံ ဖတ်စာအုပ်ထဲပါသည့် အကြောင်းအရာတွေက ရှင်းပြီး ဆရာသင်သည်က ပိုရှုပ်ကာ လည်နေသည်များကိုလည်း တွေ့နေရသည်။ 

စာသင်ခန်းများတွင် အပြန်အလှန် ဆွေးနွေးငြင်းခုံသည့် သဘောတရားများ၊ ဝေဖန်ဆန်းစစ် ပိုင်းဖြတ်မှုများ၊ စူးစမ်းမေးမြန်း ဆွေးနွေးမှုများ လိုအပ်နေပါသေးသည်။ ခေတ်အနေအထားက Google နှင့် ကမ္ဘာပတ်နိုင်သည့် ခေတ်ဖြစ်ပါသည်။ သိလိုသည်ကို ကွန်ပျူတာ အင်တာနက်ပေါ်တွင် ရနိုင်သည့်ခေတ်၌ ဝေဖန်ဆန်းစစ်သည့် အမြင်များဖြင့် ကိုယ်တိုင် ထုတ်ဖော်လေ့လာလိုသော လမ်းကြောင်းဆီသို့ ဦးတည်ပေးသည့် ပညာရေးစနစ်မျိုး ဖြစ်သင့်ပါသည်။ 

မည်သို့ဆိုစေ အဆင့်သတ်မှတ်ချက်တစ်ခုက ထိုင်းနိုင်ငံ အဆင့်မြင့်ပညာရေးနှင့် တက္ကသိုလ်များကို ခေါင်းလောင်းထိုးလိုက်ပြီ ဖြစ်သည်။ 

E-01
(Ref: Southeast Asia News, Modern Diplomacy)



  • VIA