News

POST TYPE

SUMMER SPECIAL

စင်ကာပူနိုင်ငံနှင့် အွန်ထရယ်ပရယ်နား မွေးမြူရေး
27-Feb-2018


စင်္ကာပူနိုင်ငံတွင် အားကစားသမားကောင်းတွေလည်း ထွက်သည်။ သင်္ချာပညာရှင်များလည်း ထွက်သည်။ ထို့ကြောင့် အွန်ထရယ်ပရယ်နားခေါ် စွန့်ဦးတီထွင်လုပ်ငန်းရှင်များကို အဘယ်ကြောင့် မွေးမထုတ်နိုင်ရမည်နည်း။

စင်ကာပူနိုင်ငံတွင် မိဘတွေကလည်း အမြင်အတွေးရှိကြသည်။ ပညာတတ်တွေပေါများသော နိုင်ငံဖြစ်သဖြင့် ကိုယ်ဖြစ်ချင်သည်ကို မွေးထုတ်နိုင်ရမည်ဆိုသည့် စိတ်ဓာတ်တွေလည်း သူတို့မှာ ရှိကြသည်။ ထို့ကြောင့် ကိုယ့်နိုင်ငံနှင့်အားမရလျှင် မိမိတို့သားသမီးများကို အခြားဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံကြီးများသို့စေလွှတ်ကာ ပညာသင်ခိုင်းနိုင်လောက်အောင်လည်း ချမ်းသာကြသည်။ စင်ကာပူနိုင်ငံတွင် ငယ်ငယ်ရွယ်ရွယ်နှင့် လုပ်ငန်းတွေထောင်ပြီး ဦးဆောင်နေသည့် လူငယ်များစွာရှိသည်။ 

၁၉၇၀ ပြည့်နှစ်ပိုင်းလောက်ကတည်းက စတင်ကာ ၁၉၈၀ ပြည့်နှစ်ပိုင်းလောက်တွင် ပညာရေး၌ မူဝါဒရေးရာ ဖန်တီးရေးဆွဲနိုင်သူများ ပေါ်ပေါက်လာစေရန် ရင်းနှီးမြှုပ်နှံမှုများ လုပ်ရမည်ဟု သတ်မှတ်လာကြသည်။ ထို ၁၀ နှစ်ပြီးသည့်အခါတွင် စင်ကာပူနိုင်ငံသည် ပညာရေးတွင် သင်္ချာအတော်ဆုံး၊ သိပ္ပံအတော်ဆုံး လူငယ်တွေကို မွေးထုတ်လာနိုင်ခဲ့ကြောင်း တွေ့ရသည်။ စီးပွားရေးကလည်း ကောင်းလာပြီး ပညာရေးကလည်း တိုးတက်မြင့်မားလာခြင်းက ရှေ့ဆက်ရမည့် လမ်းကြောင်းအတွက် အကောင်းဆုံးဖြစ်စေခဲ့သည်။ 

စင်ကာပူနိုင်ငံတွင် မူလတန်းသင်္ချာကို စံနမူဖြစ်လောက်အောင် စတင်ပြောင်းလဲသည်။ မူလတန်းသင်္ချာကို အမေရိကန်ပြည်ထောင်စု၊ ဗြိတိန်နှင့် အစ္စရေးနိုင်ငံများမှ နည်းများကိုယူပြီး တစ်နိုင်ငံလုံး ပြဋ္ဌာန်းစာအုပ်တွေကို စတင်ပြုပြင်ပြောင်းလဲခဲ့သည်။ စင်ကာပူနိုင်ငံတွင် နိုင်ငံခြားလွှတ်ပြီး ကျောင်းထားသူတွေလည်း ရှိနေသဖြင့် ကိုယ့်နိုင်ငံ ကိုယ့်ကျောင်းတွင် နိုင်ငံတကာ ထက်ကောင်းသော သင်္ချာတွေကို သင်နေပြီဆိုခြင်းက ပိုပြီးစိတ်ဝင်စားစရာ ကောင်းလာသည်။ “စင်ကာပူ သင်္ချာ” ဆိုပြီး ကိုယ့်နည်းကိုယ့်ဟန်ဖြင့် ပညာခေတ်ကို ထူထောင်နေကြခြင်းဖြစ်သည်။ 

စင်ကာပူနိုင်ငံသည် တီထွင်ဖန်တီးလိုစိတ်ရှိသူများ မွေးထုတ်ရေးကိုလည်း အကောင်အထည်ဖော်လျက်ရှိသည်။ ထို့ကြောင့် အွန်ထရယ်ပရယ်နား မွေးမြူရေးခေါ် Entrepreneurship Education ကိုလည်း စမ်းသပ်သင်ကြားရန် ပြင်ဆင်နေသည်။ 

ဖင်လန်နိုင်ငံတွင် Me & MyCity ဆိုသည့် ပရိုဂရမ်တစ်ခုကို ၆ တန်းအဆင့်တွင် သင်ကြားနေသည်။ သူတို့ ကျောင်းသားများကို Entrepreneurship ဆိုသည့် သဘောတရားနှင့် စီးပွားရေးအမြင် ဗဟုသုတများကို ရရှိစေရန်ဖြစ်သည်။ ထိုပရိုဂရမ်ကြောင့် သူတို့နိုင်ငံတွင် နှစ်စဉ် အွန်ထရယ်ပရယ်နားပေါင်း ၄၅၀၀၀ ကို မွေးထုတ်ပေးနိုင်ခဲ့သည်ဟု ဆိုသည်။ ကျောင်းသားများကို လုပ်ငန်းခွင်များတွင် လက်တွေ့သွားရောက် လေ့လာစေပြီး ပညာပေးနိုင်ခြင်းကြောင့် စာတွေ့ထက် လက်တွေ့စီးပွားရေးကို ပိုပြီးနားလည် သဘောပေါက်ကြသည်။ စတုတ္ထ စက်မှုခေတ်ပြောင်း တော်လှန်ရေးနှင့် အံဝင်ခွင်ကျဖြစ်စေမည့် လူငယ်များကို သူတို့က ယခုကတည်းက မွေးထုတ်ပေးနေကြပြီဖြစ်သည်။ 

အမေရိကန်ပြည်ထောင်စုတွင်လည်း Network For Teaching Entrepreneurship ပရိုဂရမ်ကို လုပ်ဆောင်နေပြီဖြစ်သည်။ ဝင်ငွေနည်းသည့် မိသားစုနောက်ခံ ကျောင်းသားများကို ထိုပရိုဂရမ်ကြောင့် တက္ကသိုလ်များသို့ ဆက်လက်ပို့ဆောင်နိုင်ခဲ့သည်။ ယင်းပရိုဂရမ်ကို သင်ကြားပြီးသည့် ကျောင်းသား ၈၀ ရာခိုင်နှုန်းခန့် တက္ကသိုလ် ဆက်တက်နိုင်ခဲ့ကြသည်။ 

စင်ကာပူနိုင်ငံသည် Entrepreneurship Education လမ်းကြောင်းနောက်ကိုလိုက်ရန် အခက်အခဲမရှိသည့် နိုင်ငံတစ်နိုင်ငံဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် တစ်နိုင်ငံလုံးလိုလို အင်္ဂလိပ်စကားကို ကောင်းစွာပြောဆိုနိုင်ကြသည်။ ကျောင်းတွေကလည်း သင်သည်။ အင်္ဂလိပ်စာကို ပိုင်နိုင်စွာ ပြောဆိုသုံးစွဲနိုင်နေခြင်းက အခြားနိုင်ငံများထက် အွန်ထရယ်ပရယ်နား မွေးမြူရေးကို ပေါက်မြောက်နိုင်စေပါသည်။ 

ပြည်တွင်းအောင်မြင်ထင်ရှားနေသည့် စွန့်ဦးလုပ်ငန်းရှင်များကလည်း ကျောင်းများတွင် Entrepreneurship Education ကို သင်ကြားမည်ဆိုလျှင် အကူအညီပေးရန် အသင့်ရှိနေကြသည်။ သူတို့ အဘယ်ကြောင့် အောင်မြင်ခဲ့ရသည်ကို ကျောင်းသားများအား ဟောပြောပို့ချပေးရန် စိတ်အားထက်သန်နေကြသည်။ 

စင်ကာပူနိုင်ငံသားအားလုံး အွန်ထရပ်ပရယ်နားတွေ ဖြစ်ရန်မဟုတ်ပါ။ သို့သော် သူတို့အသိထဲတွင် အွန်ထရယ်ပရယ်နားဆိုသည့် သဘောတရားတွေ ထည့်ပေးလိုက်ရန်လိုပါသည်။ ထိုသဘောတရားက တီထွင်ဖန်တီးလိုစိတ်များကို ဖြစ်ပေါ်စေနိုင်သည်။ ကျွမ်းကျင်သူများကို မွေးထုတ်နိုင်သည်။ 

စင်ကာပူနိုင်ငံသည် ပညာရေးကို ရင်းနှီးမြှုပ်နှံရန် လက်မတွန့်သည့် နိုင်ငံတစ်နိုင်ငံဖြစ်ပါသည်။ သူတို့စိုက်ပျိုးခဲ့သည့် အပင်တွေက အသီးအနှံများကို တစ်နေ့သူတို့ ကောင်းကောင်း စားသုံးခံစားနိုင်မည်ကို နားလည်ထားကြသည်။ ပညာရေးသည် ပြန်မရနိုင်သည့် ရင်းနှီးမြှုပ်နှံမှုတစ်ခုဟု သူတို့မတွေး။ သူတို့က မျိုးစေ့လည်း သေသေချာချာရွေးသည်။ ကမ္ဘာက ဘာလိုအပ်သနည်း ဆိုသည်ကိုလည်း လေ့လာသည်။ ဈေးကွက်က တောင်းဆိုသည်ကို စိုက်ပျိုးသည်။ ရေလောင်း၊ ပေါင်းသင်၊ မြေဩဇာထည့်သည်။ သူတို့စိုက်ထားသည်ကို သူတို့ ကောင်းကောင်း ခံစားကြသည်။ 

E-01
(Ref: The Straits Times)



  • VIA