News

POST TYPE

SUMMER SPECIAL

နွေရောက်လေပြီ . . . ကစားမလား၊ နားမလား
26-Feb-2018

ဖေဖော်ဝါရီ လကုန်ဆိုလျှင် သူငယ်တန်းမှ နဝမတန်း (ကိုးတန်း)အထိ ကျောင်းများ ပိတ်ပါပြီ။ စာသင်နှစ် တစ်နှစ်လုံး ကျောင်းသွား၊ စာကျက်၊ ကျူရှင်သွားဖြင့် ပင်ပန်း၊ စိတ်ဖိစီးမှု များသည့်အချိန် ကုန်ဆုံးကာ နွေရာသီ ကျောင်းပိတ်ချိန် အားလပ်ရက်၊ နားရက်ကို ရောက်ပါပြီ။

နွေရာသီ အားလပ်ရက်၊ နားရက်တွင် မိမိကလေး ဘာလုပ်ချင်သည်ကို မိဘများအနေနှင့် မေးကြည့်ဖူးပါသလား။ သူတို့ဆန္ဒကိုရော နားထောင်ပေးပါသလား။ သို့မဟုတ် စာမေးပွဲဖြေပြီး ၁၀ ရက်၊ ၁၅ ရက်ခန့်နားကာ နောက်နှစ်အတွက် ကျူရှင်တက်ခိုင်းရန် စိတ်ကူးနေပါပြီလား။

မိဘအချင်းချင်း၊ ကျောင်းသား အချင်းချင်း ယှဉ်ပြိုင်မှုများပြီး ရန်ကုန်မြို့ နာမည်ကြီးကျောင်းတစ်ကျောင်းဖြစ်သည့် အထက (၂) စမ်းချောင်းမှ ဆဋ္ဌမတန်းကျောင်းသူ မရွှန်းလဲ့ဝတီက “တစ်နှစ်လုံး ကျောင်းတက်ရတာ ပင်ပန်းတယ်၊ ပျင်းတယ်”ဟု ပြောသည်။ နွေရာသီ အားလပ်ရက်တွင် နားနားနေနေ တီဗီကြည့်၊ အင်တာနက်သုံး၊ ကစားပြီး ရေကူးသင်တန်းတက်ချင်သည်ဟု သူကဆိုသည်။ 

ရေကူးသင်တန်း ဘာကြောင့် တက်ချင်သည်ကိုတော့ “ရေနစ်မှာစိုးလို့၊ ကြောက်လို့”ဟု သူက တိုတိုတုတ်တုတ် ဖြေသည်။ မရွှန်းလဲ့ဝတီ မိခင်ဖြစ်သူကတော့ “သမီးလေးလုပ်ချင်တာ ပံ့ပိုးပေးသွားမှာ။ ရေကူးသင်တန်းလည်း ထားပေးမှာပါ”ဟု အဖြေပေးသည်။ 

အားကစားက ကျန်းမာရေး၊ ဖွံ့ဖြိုးရေးကို သာမက စိတ်ဖိစီးမှု နည်းစေပြီး ပေါင်းသင်းဆက်ဆံမှု၊ ပြဿနာ ဖြေရှင်းတတ်မှု အကျိုးများရပါသေးသည်။ သို့သော် မိဘအများစုက ထိုအကျိုးကျေးဇူးများကို သတိမထားမိဘဲ အားကစားသင်တန်းသို့ ပို့ပေးရန် မေ့လျော့နေကြသည်။

ယခုအခါ ဂိမ်းအမျိုးမျိုးက ကလေးများ၊ လူငယ်များနှင့် ဝေးလှသည်မဟုတ်။ မိုဘိုင်းလ်ဖုန်းများ လူတန်းစားအလွှာ အသီးသီး လွယ်လင့်တကူ ကိုင်ဆောင်နိုင်ပြီဖြစ်သောကြောင့် ပိုနီးလာခြင်းဖြစ်သည်။ အသက် ၁၈ နှစ် မပြည့်သူများကို မရောင်းရ ကန့်သတ်သော်လည်း လမ်းပေါ်က ကွမ်းယာဆိုင်တိုင်းတွင် ဆေးလိပ်၊ ဆေးရွက်ကြီး လွယ်လွယ်ဝယ်ရနေသည်။

လက်ရွေးစင် ဘောလုံးအားကစားသမားဟောင်း ဦးဇော်မြင့်က မိမိကလေး ကျန်းမာရေးအတွက် စိတ်ဖိစီးမှုလျော့နည်းစေရေးနှင့် ဆေးလောက်သောက်ခြင်းကအစ မူးယစ်ဆေးဝါး သုံးခြင်း၊ လက်ဖက်ရည်ဆိုင် ထိုင်ခြင်းစသည့်အကျင့်များ ရှိမလာစေရေး ကလေးများကို နွေရာသီ အားကစား သင်တန်းများသို့ ပို့ပေးကြရန် အကြံပြုသည်။ 

“နွေရာသီ ရောက်ပြီဆိုရင် အားကစားလေးတစ်ခု လုပ်သင့်တယ်လို့မြင်တယ်။ ကျွန်တော်တို့နိုင်ငံရဲ့ ပြီးခဲ့တဲ့စနစ်တွေအရ အားကစားကို အားမပေးခဲ့ဘူး။ နိုင်ငံရဲ့အားကစားက အခုခေတ်ချိန်မှာ ဖုတ်ပူ မီးတိုက် လုပ်နေတယ်။ မအောင်မြင်ဘူး။ အဲဒီတော့ အခြေခံကနေ စရမှာပါ။ အဲဒါကိုလည်း လူကြီးတွေက နားလည်ပြီး ကိုယ့်သား၊ သမီးကို ကျန်းမာရေးလည်း ကောင်းအောင်၊ ဉာဏ်လည်းရွှင်အောင် နွေရာသီမှာ အားကစားသင်တန်းတွေကို လွှတ်သင့်တယ်လို့ အကြံပြုချင်ပါတယ်”ဟု ဦးဇော်မြင့်ကပြောသည်။

ပညာရေးစိတ်ပညာရှင် ဒေါက်တာသိန်းလွင်က နွေရာသီ အားလပ်ရက်တွင် မူလတန်းဆင့်ကလေးများ အားကစားလုပ်နိုင်ရန် မိဘများက အလေးထားပေးကြရေး တိုက်တွန်းထားသည်။ ထို့ပြင် မရောက်ဖူးသော အရပ်ဒေသကို လိုက်ပို့ပေးခြင်း၊ မလေ့လာဖူးသည့် အကြောင်းအရာ လေ့လာခွင့်ပေးခြင်း ပြုလုပ်သင့်ပြီး အလယ်တန်းဆင့်အရွယ် ကလေးများကိုမူ အသင်း အဖွဲ့၊ စည်းမျဉ်းနှင့်ကစားရသော ကစားနည်း အားကစား လှုပ်ရှားမှုများကို ပိုဦးစားပေးပြုလုပ်ခိုင်းသင့်ကြောင်း ၎င်းက အကြံပြုထားသည်။ 

နွေရာသီ ကျောင်းပိတ်ချိန်တွင် မူလတန်း၊ အလယ်တန်းနှင့် အထက်တန်းကျောင်းသား၊ ကျောင်းသူများ မိမိနှစ်သက်သည့် အားကစားသင်တန်းများ တက်နိုင်ရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့ ပူးပေါင်း၍ နွေရာသီ အားကစား သင်တန်းများ ဖွင့်တော့မည်။ 

အားကစားနှင့် ကာယပညာသိပ္ပံ (ရန်ကုန်) အနေနှင့် ရေကူး၊ ဘောလုံး၊ ကရာတေးဒို၊ ဂျူဒို၊ တိုက်ကွမ်ဒို၊ တင်းနစ်၊ ကျွမ်းဘား၊ ကြက်တောင် အားကစား နည်း ၈ မျိုးကို ဖေဖော်ဝါရီလ ၂၆ ရက်မှ မတ်လ ၂၈ ရက်အထိ တာမွေကျိုက္ကဆံ အားကစားကွင်းတွင် ဖွင့်လှစ်သင်ကြားမည်။ 

မြန်မာနိုင်ငံ အားကစား အဖွဲ့ချုပ်ကလည်း ရန်ကုန်တိုင်းအတွင်း ခရိုင်နှင့် မြို့နယ်များရှိ အားကစားကွင်းနှင့် အားကစားရုံများတွင် နွေရာသီ အားကစား သင်တန်းများဖွင့်မည်။ မြားပစ်၊ ပြေးခုန်ပစ်၊ ရေကူး၊ ဝူရှူး၊ စားပွဲတင်တင်းနစ်၊ သိုင်း၊ ရိုးရာလက်ဝှေ့၊ ကာယကြံ့ခိုင်မှု စသည့် အားကစား ၃၆ မျိုးကို အခြေခံနှင့် အဆင့်မြင့်ဟူ၍ နှစ်ပိုင်းခွဲသင်မည်ဖြစ်သည်။

အခြေခံ အားကစားသင်တန်းကို မတ်လ ၁၂ ရက်မှ ဧပြီလ ၆ ရက်အထိ ဖွင့်လှစ်မည်ဖြစ်ပြီး၊ အဆင့်မြင့်သင်တန်းများကို ဧပြီလ ၂၃ ရက်မှ မေလ ၁၈ ရက်အထိ ဖွင့်လှစ် သင်ကြားမည်ဖြစ်သည်။ ထိုသင်တန်းများသို့ အသက် ၅ နှစ်ပြည့်ပြီး အထက်ကျောင်းသားတိုင်း တက်ရောက်နိုင်မည်။

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က အသက် ၁၀ နှစ်မှ ၁၄ နှစ်ကြား ကလေးငယ်များအတွက် အခြေခံ ဘောလုံးပညာသင်တန်းကို ရန်ကုန်၊ မန္တလေးနှင့် ပုသိမ်ရှိ ဘောလုံးအကယ်ဒမီ ကျောင်းများတွင် မတ်လ ၅ ရက်မှ ဧပြီလ ၅ ရက်အထိ သင်ကြားမည်ဖြစ်သည်။ ထို့ကြောင့် ဘောလုံးအားကစားကို စနစ်တကျ သင်ကြားစေလိုသည့် မိဘများအနေနှင့် သက်ဆိုင်ရာ ဘောလုံး အကယ်ဒမီ ကျောင်းများသို့ ဖေဖော်ဝါရီလ ၂၈ ရက် နောက်ဆုံးထား၍ လူကိုယ်တိုင် သွားရောက်လျှောက်ထားနိုင်မည်ဖြစ်သည်။

နွေရာသီ အားကစားသင်တန်းများက ဖွံ့ဖြိုးမှု အားကောင်းသည့် ရန်ကုန်နှင့် အခြားသောမြို့ကြီးအချို့ တွင်သာ ဖွင့်လှစ်ကြသော်လည်း နယ်မြို့များတွင်မူ နည်းပါးနေသေးသည်။ သို့သော် နွေရာသီကျူရှင်၊ ကျောင်းဖွင့်ချိန် ကျူရှင်များကတော့ မြို့သာမက တောရွာများအထိ ပေါပေါများများရှိသည်။ 

အားကစားလှုပ်ရှားမှုနှင့်ပတ်သက်၍ ဘာကြောင့် အားပေးသင့်သည်၊ ဘယ်လိုအကျိုးကျေးဇူးတွေရှိသည်၊ ပညာရေးအတွက် ဘယ်လို အထောက်အကူဖြစ်သည် စသည့် သတင်းအချက်အလက်နှင့် အသိပညာပေးမှုများက နယ်ဒေသမိဘများအတွက် လွယ်လွယ်ကူကူ မရကြသေးပေ။ သတင်းအချက်အလက်နှင့် အသိပညာပေးမှုကလည်း အားမကောင်းသေးပေ။ 

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှ ပဉ္စမတန်းကျောင်းသားမိဘတစ်ဦးက “သားက (ကလေးက) သူ့ဘာသာ ကစားနေတာပဲ။ ဘာအားကစား ကစားချင်တယ်တော့ မေးမကြည့်မိဘူး။ ရေစကြိုမှာလည်း အခုပြောသလို ရန်ကုန်ကလို သင်တန်းတွေ ဖွင့်၊ မဖွင့် မသိဘူး။ ကိုယ်မသိတာလည်း ဖြစ်ချင်ဖြစ်မှာ”ဟု ပြောသည်။

အသိပညာပေးမှု၊ အားပေးမှု အားနည်းသည်မှာ တစ်ကမ္ဘာလုံး ရေပန်းစားသည့် ဘောလုံးအားကစားအတွက် အစိုးရကျောင်းတိုင်း၌ပင် ဘောလုံးမရှိပေ။ အခြေခံပညာ ဦးစီးဌာနပြုစုသည့် ယခုပညာသင်နှစ် ကျောင်းတစ်ကျောင်းချင်းစီ လိုအပ်ချက်စစ်တမ်းအရ ကျောင်း ၁၀၀ တွင် ၈ ကျောင်းက ကလေးများကစားရန် ဘောလုံးမရှိ။ အခြားသော အားကစားပစ္စည်းများ စုံလင်ဖို့မှာ ပို၍ပင်ဝေးနေသည်။ 

ဘောလုံးရှိသော်လည်း ကလေးများ လွတ်လွတ်လပ်လပ်၊ ကျယ်ကျယ်ဝန်းဝန်း ကစားနိုင်မည့် ကစားကွင်းက မရှိ။ ရှိသော်လည်း ကျဉ်းကျဉ်းကျပ်ကျပ်။ ဘောလုံးအားကစားကို စနစ်တကျ သင်ပေးနိုင်သည့် နည်းပြဆရာများလည်း ကျောင်းများတွင်မရှိ။ ကာယပညာအချိန်ဆိုလျှင်လည်း စာသင်ကြသည်က များသည်။

အားကစားက ကလေးများ ပညာရေး ပံ့ပိုးပေးနိုင်တဲ့ နည်းလမ်းတစ်ခုလည်း ဖြစ်သည့်အပြင် အားကစားနှင့် ပညာရေးက ဆက်စပ်နေသည်ကိုတော့ နိုင်ငံတကာတွင် ကျယ်ကျယ်ပြန့်ပြန့်ပင် လက်ခံလာနေပြီဖြစ်ပါသည်။ 

သို့သော် မိဘအများစုကမူ နွေရာသီဆိုလျှင် နောက်စာသင်နှစ်အတွက် ကျူရှင်ကြိုထားရန်သာ ဆန္ဒများနေကြပါသည်။ ထိုအခြေအနေကို မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်မှ သူငယ်တန်းပြဆရာမ ဒေါ်နီလာဝင်းက “မိဘတွေက ကျူရှင်တွေပို့ဖို့ပဲ အားသန်နေကြတာ”ဟု သူ့ပတ်ဝန်းကျင်က အခြေအနေကို ပြောသည်။

ထို့ကြောင့် ကျောင်းသားများကို နွေရာသီဥတု ပြင်းလွန်းသည့်အတွက် နားနားနေနေ အိမ်တွင်နေစေပြီး မနက်ခင်း၊ ညနေခင်း အချိန်များတွင်သာ ဆော့ကစားစေရန်၊ ကလေးစိတ်ပါလျှင် ပန်းချီ၊ ဆေးခြယ်လုပ်ခိုင်းရန်၊ မိဘများ အဆင်ပြေလျှင် ရေကူးသင်တန်း တက်ကြရန် တိုက်တွန်းရသည်ဟု ဒေါ်နီလာဝင်းက ဆိုသည်။

မွေးစမှ ၈ နှစ်အထိ ကလေးများအနေနှင့် ကိုယ်ခန္ဓာ ဖွံ့ဖြိုးရေး၊ သိမြင်မှုဆိုင်ရာ ဉာဏဖွံ့ဖြိုးရေး၊ ပေါင်းသင်းဆက်ဆံမှု ဖွံ့ဖြိုးရေး၊ စိတ်လှုပ်ရှားခံစားမှု ဖွံ့ဖြိုးရေးနှင့် ဘာသာစကား တတ်သိမှု ဖွံ့ဖြိုးရေး နယ်ပယ် ငါးခုကို မျှမျှတတဖြစ်အောင် လုပ်ဆောင်ပေးရန်လိုသည်ဟု ပညာရေးစိတ်ပညာတွင် ဖော်ပြသည်။

တက္ကသိုလ်လက်ရွေးစင် ဘောလုံးအားကစားသမားဟောင်းလည်းဖြစ်၊ လက်ရှိတွင်လည်း ဘောလုံး အားကစား တိုးတက်ရေး ဆောင်ရွက်နေသူ ဦးဇော်မြင့်ကတော့ ကလေးများ အားကစားလုပ်ခြင်းဖြင့် ဉာဏ်ပညာ ရွှင်လန်းပြီး သွက်သွက်လက်လက် ရှိစေသဖြင့် ယခုကဲ့သို့ အကျိုးရှိကြောင်း အောက်ပါအတိုင်း ဆိုလိုက်ပါသည်။ 

“ကျောင်းစာလုပ်တဲ့အခါကျလည်း သူများက ငါးခါလောက်ကျက်ရရင် အားကစားလုပ်တဲ့ကလေးက နှစ်ခါလောက် အာရုံစိုက်ဖတ်ပြီး နားလည်သဘောပေါက်သွားတယ်။ အဓိကတော့ ကျန်းမာတာပေါ့။ သူတို့အတွက် အများကြီး အထောက်အကူဖြစ်ပါတယ်”

နေဇာကျော်
နွေရာသီအားကစားသင်တန်းများ


► အခြေခံပညာအဆင့် ကျောင်းသား၊ ကျောင်းသူများ နွေရာသီ အားကစား သင်တန်းများသို့ တက်ရောက်လိုလျှင် ရွေးချယ်နိုင်စေရေးအတွက် အားကစားသင်တန်း အမျိုးအစား၊ ဆက်သွယ်ရမည့် ဖုန်းတို့ကို လက်လှမ်းမီသမျှ စုစည်းဖော်ပြလိုက်ပါသည်။

► ရန်ကုန်မြို့ အားကစားကွင်းများ၊ အားကစားရုံများတွင် မြားပစ်၊ ပြေးခုန်ပစ်၊ ဘေ့စ်ဘော၊ ကြက်တောင်၊ ဘတ်စကက်ဘော၊ ကျွမ်းဘား၊ ဂျူဒို၊ ကရာတေးဒို၊ လှေလှော်၊ ပိုက်ကျော်ခြင်း၊ ရေကူး၊ သေနတ်ပစ်၊ စားပွဲတင်တင်းနစ်၊ တိုက်ကွမ်ဒို၊ တင်းနစ်၊ သိုင်း၊ ဘော်လီဘော၊ အမျိုးသမီး အားကစား(အေရိုးဗစ်)၊ ဝူရှူး၊ ရိုးရာလက်ဝှေ့စသည့် အားကစားနည်း အခြေခံသင်တန်းများကို မတ်လ ၁၂ ရက်မှ ဧပြီလ ၆ရက်အထိ ဖွင့်လှစ်မည်ဖြစ်ရာ ဖုန်း ဝ၁-၄၀၀၄၃၁ သို့ ဆက်သွယ် စုံစမ်းနိုင်မည်ဖြစ်သည်။

► မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က အသက် ၉ နှစ်မှ ၁၄ နှစ်အထိ(ကျား၊မ) ကလေးငယ်များအတွက် အခြေခံဘောလုံးပညာ သင်တန်းကို ရန်ကုန်၊ မန္တလေးနှင့် ပုသိမ်ရှိ ဘောလုံး အကယ်ဒမီကျောင်းများတွင် မတ်လ ၅ ရက်မှ ဧပြီလ ၅ ရက်အထိ သင်ကြားမည်ဖြစ်၍ သက်ဆိုင်ရာ ဘောလုံးအကယ်ဒမီကျောင်းများသို့ ဖေဖော်ဝါရီလ ၂၈ ရက် နောက်ဆုံးထား၍ လူကိုယ်တိုင် သွားရောက် လျှောက်ထားနိုင်မည်ဖြစ်သည်။ အသေးစိတ် အချက်အလက်များကို ဖုန်း ဝ၉-၂၅၁၅၂၅၀၄၄ သို့ ဆက်သွယ်နိုင်မည်ဖြစ်သည်။

► ဧရာဝတီတိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာနက ဘောလုံး၊ ဖူဆယ်ဘောလုံး၊ ပိုက်ကျော်ခြင်း၊ စားပွဲတင်တင်းနစ်၊ ကြက်တောင်၊ ခရစ်ကက်၊ တိုက်ကွမ်ဒို၊ ရေကူး၊ ရိုးရာခြင်း၊ အေရိုးဗစ် အားကစားနည်းများကို မတ်လ ၆ ရက်မှ မတ်လကုန်အထိ ဖွင့်လှစ်မည်ဖြစ်သဖြင့် တက်ရောက်လိုသူများအနေနှင့် ဖေဖော်ဝါရီလ ၂၈ ရက် နောက်ဆုံးထား၍ မြို့နယ် အား/ကာ ရုံးများတွင် စာရင်းပေးသွင်းရမည်။ အသေးစိတ်ကို ဖုန်း ဝ၉-၅၂၀၂၆၉၄ သို့ ဆက်သွယ်နိုင်မည်ဖြစ်သည်။

►အလေးမ အားကစားနည်း အခြေခံသင်တန်းကို မတ်လ ၁၂ ရက်မှ ဧပြီလ ၆ရက်အထိ ရန်ကုန်မြို့ အောင်ဆန်းအားကစားကွင်း၊ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့၊ မြောင်းမြမြို့၊ မကွေးတိုင်းဒေသကြီး မကွေးမြို့၊ စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့နှင့် နေပြည်တော်၊ ပျဉ်းမနားတွင် သင်တန်းသား ၁၀၀ ဦးစီကို အခမဲ့ သင်ကြားမည်ဖြစ်သည်။ အသေးစိတ် အချက်များကို ဒေါ်ကေသီဝင်း ဖုန်း ဝ၉-၄၃၀၆၇၄၆၅ သို့ ဆက်သွယ်နိုင်မည်ဖြစ်သည်။