News

POST TYPE

SUMMER SPECIAL

ကိုယ်ပိုင်ကျောင်းလား ... ဘော်ဒါလား...
26-Feb-2018

အထက်တန်း(နဝမတန်း၊ ဒသမတန်း)တက်မယ့် ကျောင်းသားတွေအနေနဲ့ ကိုယ်ပိုင်ကျောင်း ဒါမှမဟုတ် ဘော်ဒါဆောင်တစ်ခုမှာ အပ်လိုက်ပြီဆိုတာနဲ့ အဲဒီနေရာရဲ့ အကောင်း၊ အဆိုးတွေကို ကိုယ်တိုင် ကြုံတွေ့ရမှာပါ။ ဒါကြောင့် ကိုယ်ပိုင်ကျောင်း၊ ဘော်ဒါဆောင် မရွေးခင်၊ မအပ်ခင် သတိထားသင့်တဲ့အချက်တွေကို ဖော်ပြပေးလိုက်ပါတယ်။

ဘော်ဒါဆောင် ရွေးမယ်ဆိုရင် အထက်တန်း ကျောင်းသားတစ်ဦးအတွက် ပညာရေးက အရေးပါဆုံးဖြစ်ပေမယ့် စိတ်လွတ်လပ်ပေါ့ပါးစွာ ပညာသင်နိုင်ဖို့ လုံခြုံရေး၊ ကျောင်းသား၊ ကျောင်းသူတွေရဲ့ အရှက်သိက္ခာ၊ ဂုဏ်သိက္ခာကို အာမခံပေးနိုင်တဲ့ အနေအထား ရှိသလားဆိုတာ ပထမဆုံး အဓိက ထည့်စဉ်းစားသင့်ပါတယ်။

ဘော်ဒါဆောင် တည်ထောင် အုပ်ချုပ်သူတွေရဲ့ အကျင့်စာရိတ္တကို အရင်ဆုံး လေ့လာသင့်ပါတယ်။ နာမည်ပျက် ရှိ၊ မရှိ၊ ပတ်ဝန်းကျင် ကောင်း၊ မကောင်း လေ့လာရမှာဖြစ်သလို ကျောင်းသားဆောင်နဲ့ ကျောင်းသူဆောင် သီးသန့်ထားတဲ့ ဘော်ဒါဆောင်ကို ရွေးချယ်သင့်ပါတယ်။ သင်ကြားရေး၊ လေ့ကျင့်ရေးဆရာ၊ နေထိုင်ရာအဆောင်နဲ့ ကျောင်းသားဦးရေ အချိုးမျှတဲ့ ဘော်ဒါဆောင်မျိုးကို ရွေးသင့်ပါတယ်။

ဒါ့ပြင် ကျန်းမာရေးနဲ့ ညီညွှတ်စွာ နေထိုင်၊ စားသောက်နိုင်တဲ့ ဘော်ဒါဆောင်ဖြစ်ဖို့ လိုအပ်ပါတယ်။ ကိုယ်ရွေးချယ်မယ့် ဘော်ဒါဆောင်မှာ လူတစ်ယောက်စာ သက်သောင့်သက်သာ ကျယ်ကျယ်ဝန်းဝန်း နေနိုင်ပြီး လေဝင်လေထွက်ကောင်းတဲ့ အိပ်ခန်း၊ အဆောင်၊ အဝတ်အစားတွေ သန့်ရှင်းစွာ ထားဖို့နေရာ၊ လေကောင်း လေသန့်ရတဲ့ စာသင်ခန်း၊ သန့်ရှင်းတဲ့ ရေချိုးခန်း၊ အိမ်သာ၊ ချိုးရေရဖို့ လိုပါတယ်။ 

ကျန်းမာရေးနှင့် ညီညွတ်တဲ့၊ အာဟာရပြည့်ဝတဲ့ အစားအသောက်ရဖို့လည်း အရေးကြီးပါတယ်။ ဘော်ဒါဆောင်တချို့မှာ မိမိပေးထားတဲ့ပိုက်ဆံနဲ့ တန်ဖိုး ညီမျှတဲ့ အစားအသောက် မရတတ်ပါဘူး။ သတိပြုသင့်တာက ပညာသင်တာကို စစ်စခန်းသွင်းသလို စည်းကမ်း တင်းကျပ်လွန်းတဲ့နေရာတွေကို မရွေးသင့်ပါဘူး။ ပညာသင်ချိန်မှာ လွတ်လွတ်လပ်လပ်နဲ့ အကြောက်တရား ကင်းနေဖို့ လိုပါတယ်။ ကိုယ်တိုင်ကြိုးစားလို စိတ်ကို တည်ဆောက်ပြီး၊ မြှင့်ပေးတဲ့နေရာမျိုးကို ရွေးချယ်သင့်ပါတယ်။

ကိုယ်ပိုင်ကျောင်း၊ ဘော်ဒါဆောင် ရွေးမယ်ဆိုရင် ပညာရေးလောက နားလည်တဲ့ဆရာ၊ ဆရာမတွေနဲ့ တိုင်ပင်သင့်ပါတယ်။ ဒါမှမဟုတ် ကိုယ်ရွေးချယ်ထားတဲ့ ဘော်ဒါဆောင်ဟာ ကြော်ငြာထဲမှာ ထည့်ရေးထားတဲ့အတိုင်း ဝန်ဆောင်မှု၊ သင်ကြားရေး အမှန်တကယ် ကောင်း မကောင်းကို အဲဒီဘော်ဒါဆောင်မှာ နေဖူး၊ သင်ဖူးတဲ့ ကျောင်းသားဟောင်း အနည်းဆုံး ၅ ဦးလောက်ကို စုံစမ်းမေးမြန်းသင့်ပါတယ်။

ဘော်ဒါဆောင်မအပ်ခင် ကြော်ငြာမှာပါတဲ့အတိုင်း မှန်ကန်မှု ရှိ၊ မရှိကို ကျောင်းသားမိဘ ကိုယ်တိုင် ကျောင်းအုပ်ချုပ်သူတွေနဲ့ တာဝန်ရှိသူတွေကို မေးမြန်းရပါမယ်။ တကယ်လို့ ကျောင်းအပ်ပြီးမှ ကြော်ငြာမှာပါတဲ့အတိုင်း မှန်ကန်မှု မရှိရင် ငွေကြေးကို တစ်ကျပ်၊ တစ်ပြားမှ မချန်ထားဘဲ အားလုံး ပြန်ထုတ်ပြီး ကျောင်းပြောင်းခွင့်အတွက် ကျောင်းမအပ်ခင်ကတည်းက ကတိ ဒါမှမဟုတ် စာချုပ်စာတမ်းနဲ့ လုပ်ထားသင့်ပါတယ်။

မြဇာခြည်သင်း

(သတိထားသင့်တဲ့ အကြောင်းအရာကို ရွှေပညာ (၅တန်းမှ ၁၀ တန်းထိ) ပညာရေးဘော်ဒါဆောင် တည်ထောင်အုပ်ချုပ်သူ ဦးကျော်မင်းခန့်က ကူညီအကြံပြုထားပါတယ်။)