News

POST TYPE

SUMMER SPECIAL

ဘာသာစကားသင်တန်းတစ်ခု ရွေးချယ်ခြင်း
26-Feb-2018

နွေရာသီ ကျောင်းပိတ်ပြီဆိုတာနဲ့ ကိုယ့်ကလေးကို ဘယ်လိုသင်တန်းတွေ ထားမလဲ၊ အဲဒီသင်တန်းတွေက သူတို့အတွက် အသုံးဝင်စေပါ့မလား၊ ပင်ပန်းသွားစေမလား၊ ငွေကြေးကုန်ကျများလွန်းနေမလားဆိုတာ မိဘတွေ စဉ်းစားကြရပါတော့တယ်။

ကျောင်းပိတ်ရက်ရှည်မှာ ဘာသာစကား ဖွံ့ဖြိုးဖို့ ဘာသာစကား သင်တန်းတွေ ထားပေးဖို့လည်း စဉ်းစားနေကြတဲ့မိဘတွေ ရှိပါတယ်။ ဘာသာစကား သင်ကြားခြင်းကနေ ကိုယ်နဲ့မတူညီတဲ့၊ ကွဲပြားတဲ့ ယဉ်ကျေးမှုတွေအကြောင်း လေ့လာခွင့်ရမှာဖြစ်ပြီး ပေါင်းသင်းဆက်ဆံမှုဆိုင်ရာလည်း ဖွံ့ဖြိုးတိုးတက်စေပါသေးတယ်။

ဒီအချက်တွေဟာ ကလေးတွေအတွက် ဘက်စုံ ဖွံ့ဖြိုးရေး ချဉ်းကပ်နည်း (Holistic Approach) မှာ ပါတဲ့အချက်တွေပါ။ ကလေးတွေကို ကိုယ်ခန္ဓာဖွံ့ဖြိုးဖို့၊ ဉာဏဖွံ့ဖြိုးဖို့။ ပေါင်းသင်းဆက်ဆံရေး ဖွံ့ဖြိုးဖို့၊ စိတ်လှုပ်ရှားခံစားမှု ဖွံ့ဖြိုးဖို့နဲ့ ဘာသာစကား ဖွံ့ဖြိုးဖို့ မျှမျှတတ လုပ်ပေးရမှာဖြစ်ပါတယ်။ ဘာသာစကား သင်တန်းတွေ ရွေးချယ်တဲ့အခါ ထည့်စဉ်းစားသင့်တဲ့အချက်တွေကို ဖော်ပြပေးချင်ပါတယ်။

မူလတန်းနဲ့ အလယ်တန်း ကျောင်းသားတွေအနေနဲ့ နွေရာသီကျောင်းပိတ်ရက်မှာ ဘာသာစကား ဖွံ့ဖြိုးမှုအတွက် လေ့လာသင့်တယ်၊ သင်တန်းတက်သင့်တယ်ဆိုပေမယ့် အချိန်အများကြီးပေးပြီးတက်ရင် အားလပ်ရက်မှာ မနားရဘဲ ဖြစ်သွားပါလိမ့်မယ်။ ဒါကြောင့် သင်ကြားမှုပုံစံနဲ့ သင်တန်းအချိန်ကို ဂရုပြုသင့်ပါတယ်။

မိဘတွေအနေနဲ့ ကိုယ့်ကလေးကို ဘာသာစကား သင်တန်းတစ်ခုခုထားတော့မယ်ဆိုရင် အဲဒီသင်တန်းအကြောင်း ဖုန်းနဲ့မေးတာအပြင် မဖြစ်မနေ လူကိုယ်တိုင်သွားပြီး သင်တန်းတာဝန်ရှိသူတွေနဲ့ စကားပြော၊ ဆွေးနွေးပြီး သင်ကြားမှု ပတ်ဝန်းကျင်ကို လေ့လာသင့်ပါတယ်။

ဒါ့အပြင် မိဘတွေအနေနဲ့ ကိုယ့်ကလေးကို ဘာသာစကား သင်တန်းထားတော့မယ် ဆိုရင်တော့ ဒီသင်တန်းအတွက် ကုန်ကျမယ့်စရိတ်ကိုလည်း ထည့်တွက်သင့်ပါတယ်။ ဒီသင်တန်းအပေါ် ကိုယ့်ရဲ့ ကလေးက ဘယ်လောက် အာရုံစိုက်နိုင်မလဲ၊ အခြား ကျောင်းသားတွေက ဘယ်အရွယ်တွေလဲ၊ အခြေခံကောင်းတွေ ပေးနိုင်သလားဆိုတာ ထည့်စဉ်းစားစရာပါ။

ဘာသာစကား သင်ကြားရေး ကျွမ်းကျင်သူ တချို့ကတော့ သင်တန်းတစ်ခုမှာ သင်တန်းသား ၁၀ ဦးထက်မပိုရင် ကောင်းတယ်လို့ ဆိုကြပါတယ်။ သင်မယ့် ဆရာကလည်း မိခင်ဘာသာစကား အသုံးပြုသူ ဟုတ်ရဲ့လား၊ ဘာသာဗေဒအကြောင်း၊ သင်ကြားမှု အတွေ့အကြုံတွေရှိရဲ့လားဆိုတာလည်း အရေးကြီးပါတယ်။ ဒါက ယေဘုယျကျတဲ့ စဉ်းစားစရာအချက်တွေသာ ရှိပါသေးတယ်။

လူမှုဆက်ဆံရေး၊ နောက်တစ်ဆင့် အဆင့်မြင့်တဲ့ ပညာရပ်တွေ လေ့လာဖို့ ပညာရေး အခွင့်အလမ်းအတွက် မိခင်ဘာသာစကားအပြင် အသုံးများတဲ့ အခြားဘာသာစကား ၂ နှစ်မျိုးလောက်လည်း အနည်းဆုံး တတ်ထားရင် အကောင်းဆုံးဆိုတာ ထွေထွေထူးထူးတော့ ပြောစရာမလိုပါဘူး။

အင်္ဂလိပ် ဘာသာစကားသင်တန်းတွေ မဟုတ်ဘဲ တရုတ်ဘာသာစကား၊ ဂျပန်ဘာသာစကားသင်တန်းတွေကိုမှ ပို့ပေးချင်တဲ့ မိဘတွေလည်း ရှိပါတယ်။

တရုတ်ဘာသာစကားဟာ နိုင်ငံတကာမှာ အင်္ဂလိပ်ဘာသာစကားပြီးရင် ဒုတိယ အရေးကြီးတဲ့ ဘာသာစကား တစ်ခုပါ။ မြန်မာဟာ တရုတ်နဲ့ ဆက်ဆံမှု များတာ၊ ပထဝီဝင်နိုင်ငံရေး ဆက်နွှယ်မှုရှိနေတာကြောင့် ရေပန်းစားလာပါတယ်။ တတ်မှကိုဖြစ်တော့မယ့် ဘာသာစကားစာရင်းထဲ ပါလာပါတော့တယ်။

အဲဒီလိုပဲ တရုတ်နိုင်ငံသားတွေဟာလည်း မြန်မာ ဘာသာစကား သင်ယူမှု အခုနောက်ပိုင်းမှာ ပိုများလာပါတယ်။ တရုတ်နိုင်ငံတွင်းက ဘာသာစကား တက္ကသိုလ်တွေနဲ့ ရန်ကုန်၊ မန္တလေး နိုင်ငံခြားဘာသာ တက္ကသိုလ်တွေမှာ မြန်မာဘာသာစကား သင်ယူနေတဲ့ တရုတ် နိုင်ငံသား ရာနှင့်ချီ ရှိပါတယ်။

ကလေးတွေအနေနဲ့ တရုတ်ဘာသာစကားကို တစ်နှစ်ချင်း နည်းနည်းချင်း လေ့လာနေပြီး ကျောင်းပြီးသွားတဲ့အချိန်အထိ ဆက်လေ့လာနေမယ်ဆိုရင် အင်္ဂလိပ်ဘာသာစကားလိုပဲ စိမ်းလွန်းနေတဲ့ ဘာသာစကားတစ်ခု ဖြစ်မနေတော့ပါဘူး။ ဂိမ်းကစားခြင်းကနေ သင်ပေးတာ၊ ကလေးတွေ စိတ်ဝင်စားမယ့် ကာတွန်း၊ ရုပ်ပြတွေနဲ့ သင်ပေးတာတွေလည်း ရှိကြပါတယ်။

မိခင်ဘာသာစကား (မြန်မာဘာသာစကား၊ တိုင်းရင်းသား ဘာသာစကား)တွေအပြင် အင်္ဂလိပ် ဘာသာစကား၊ တရုတ်ဘာသာစကား၊ ဂျပန်ဘာသာစကား စသဖြင့် ဘယ်ဘာသာစကား သင်တန်းတက်တက် သင်ကြားမှုပုံစံတွေဟာ တစ်ကျောင်းနဲ့တစ်ကျောင်း တစ်ထပ်တည်း တူနေမှာတော့ မဖြစ်နိုင်ပါဘူး။

တချို့သော မိဘတွေအနေနဲ့လည်း ကိုယ့်ရဲ့ ကလေးကို အင်္ဂလိပ်ဘာသာစကားအပြင် တရုတ်ဘာသာစကား သို့မဟုတ် ဂျပန်ဘာသာစကားကိုလည်း သင်ယူစေလိုကြပါတယ်။ ဒါပေမဲ့ နွေရာသီ ကျောင်းပိတ်ချိန် အားလပ်ရက်မှာတောင် တစ်နေကုန်နီးပါး မနားရလောက်အောင် သင်တန်းတွေ လှည့်တက်နေစေဆိုတာမျိုးလည်း မဖြစ်သင့်ပါဘူး။

နေဇာကျော်၊ မြဇာခြည်သင်း