News

POST TYPE

SPORTS

အီရစ်ဒီယာနှင့် မာတစ်တို့ကို ခေါ်ယူနိုင်ရန် အဆင်မပြေ၍ ဝိုင်ဂျယ်လ်ကို မော်ရင်ညို ပြောင်းလဲပစ်မှတ်ထား
မန်ချက်စတာ၊ ဇူလိုင် ၆

မန်ယူနည်းပြမော်ရင်ညိုသည် စပါးကွင်းလယ်လူ အီရစ်ဒီယာနှင့် ချယ်လ်ဆီး ကွင်းလယ်လူ မာတစ်တို့ကိုခေါ်ယူရန် ကြိုးပမ်းရာတွင် အဆင်မပြေမှုများ ရှိလာခဲ့ခြင်းကြောင့် ကွင်းလယ်ခံစစ်နေရာအတွက် ဒေါ့မွန်ကစားသမား ဂျူလီယန် ဝိုင်ဂျယ်လ်ကို ပြောင်းလဲ ပစ်မှတ်ထားလိုက်ပြီဖြစ်ကြောင်း Sky Sports က ဖော်ပြထားသည်။

စပါးအသင်းသည် ၎င်းတို့၏ ကွင်းလယ်ကစားသမား အီရစ်ဒီယာကို လက်ရှိနွေရာသီကာလ ကစားသမား အပြောင်းအရွှေ့ ဈေးကွက်အတွင်း မည်သို့သော ပြောင်းရွှေ့ကြေး ပမာဏဖြင့် ဆက်သွယ် ကမ်းလှမ်းလာခဲ့သည်ဖြစ်စေ ရောင်းထုတ်ပေးသွားမည် မဟုတ်ကြောင်း အတိအလင်း အသိပေးထားပြီဖြစ်ပြီး ချယ်လ်ဆီးကလည်း မိုနာကိုကွင်းလယ်လူ ဘာကာယိုကိုကို ခေါ်ယူရရှိပြီးမှသာလျှင် မာတစ်ကို ရောင်းထုတ်ပေးမည့် အခြေအနေများ ရှိနေသည်။

သို့သော် ဝိုင်ဂျယ်လ်ကို ခေါ်ယူရရှိရေးတွင် မန်ယူအတွက် အတားအဆီးတစ်ရပ် ဖြစ်လာနိုင်သည်မှာ ကစားသမားဖြစ်သူ၏ ဒဏ်ရာရရှိထားမှုဖြစ်ပြီး ဝိုင်ဂျယ်လ်မှာ လက်ရှိတွင် လွန်ခဲ့သည့်မေလက ရင်ဆိုင်ကြုံဆုံခဲ့ရသော ခြေမျက်စိဒဏ်ရာ ပြဿနာကို ယခုအချိန်တိုင်သည်အထိ ဆေးကုသမှုများ ခံယူနေရဆဲဖြစ်သည်။

ဒေါမွန်အသင်းဆေးအဖွဲ့သည် ဝိုင်ဂျယ်လ်မှာ လာမည့် စက်တင်ဘာလလယ်ခန့်သို့ ရောက်မှသာ ကြံ့ခိုင်မှုအပြည့်ဖြင့် ဘောလုံးပြန်ကစားနိုင်လိမ့်မည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားပြီး မန်ယူမတိုင်မီတွင် ၎င်းကိုခေါ်ယူရန် စိတ်ဝင်စားခဲ့ကြသော ဘာစီလိုနာနှင့် မန်စီးတီးတို့မှာ ယင်းဒဏ်ရာ ပြဿနာကြောင့်ပင် ဝိုင်ဂျယ်လ်ကို ၎င်းတို့၏ ပစ်မှတ်စာရင်းမှနေ၍ အသီးသီး ဖယ်ထုတ်ပစ်လိုက်ခြင်းဖြစ်သည်။

မန်ယူသည် မာတစ်ကို ၎င်းတို့ခေါ်ယူလိုသည့် အဓိက ဦးစားပေး ကစားသမားအဖြစ် ယခုအချိန်တိုင်သည်အထိ ဆက်လက် သတ်မှတ်ထားဆဲဖြစ်ပြီး ချယ်လ်ဆီးမှာ ဘာကာယိုကို အပြောင်းအရွှေ့အတွက် မိုနာကိုနှင့် ပြောင်းရွှေ့ကြေးဆိုင်ရာ သဘောတူညီမှု ရထားပြီဟု သတင်းများ ထွက်ပေါ်နေသော်လည်း အပြောင်းအရွှေ့၏ နောက်ဆုံးအဆင့်ဖြစ်သော ဆေးစစ်မှုနှင့် စာချုပ် ချုပ်ဆိုမှုတို့ကိုမူ ယခုအချိန် ဆောင်ရွက်နိုင်ခြင်း မရှိသေးပေ။