News

POST TYPE

SPORTS

မာတစ်ကို မန်ယူခေါ်ယူနိုင်ရန် နီးစပ်၊ မာတစ်အပြောင်းအရွှေ့ အဆင်မပြေပါက နိုင်ဂိုလန်ကို ပြောင်းလဲဆက်သွယ်မည်
မန်ချက်စတာ၊ ဇွန် ၂၇

မန်ယူအသင်းသည် ချယ်လ်ဆီး ကွင်းလယ်ကစားသမား မာတစ်ကိုခေါ်ယူနိုင်ရန် နီးစပ်မှုများ ရှိနေပြီဖြစ်ပြီး အကယ်၍ မာတစ်အပြောင်းအရွှေ့အတွက် ဆွေးနွေးညှိနှိုင်းမှုများ အဆင်မပြေခဲ့ပါက ရိုးမားကွင်းလယ်လူ နိုင်ဂိုလန်ကို ပြောင်းလဲပစ်မှတ်ထား ဆက်သွယ်သွားရန်လည်း မန်ယူက အစီအစဉ် ရေးဆွဲထားပြီဖြစ်ကြောင်း Gazzetta Dello Sport က ဖော်ပြထားသည်။

ချယ်လ်ဆီးအသင်းသည် ဂျူဗင်တပ် နောက်ခံလူ အဲလက်စ်ဆန်ဒရိုနှင့် မိုနာကိုကွင်းလယ်လူ ဘာကာယိုကိုတို့ကို ခေါ်ယူနိုင်ရန် လွန်စွာ နီးစပ်နေပြီဖြစ်ပြီး အကယ်၍ ဘာကာယိုကိုကို ခေါ်ယူရရှိခဲ့ပါက မာတစ်ကို ချယ်လ်ဆီးက ရောင်းထုတ်လိုက်ရန်မှာ ရာနှုန်းပြည့်နီးပါး သေချာနေပြီလည်းဖြစ်သည်။

မန်ယူနည်းပြ မော်ရင်ညိုသည် မာတစ်ကိုခေါ်ယူရန် ယမန်နှစ် နွေရာသီကာလ ကစားသမား အပြောင်းအရွှေ့ ဈေးကွက် ဖွင့်လှစ်ချိန်ကတည်းကပင် ၎င်း၏အသင်းဟောင်း ချယ်လ်ဆီးထံသို့ ကမ်းလှမ်း ဆက်သွယ်ခဲ့ဖူးပြီး ကွင်းလယ်ကို အားဖြည့်ရန်အတွက် အခြားသော ကစားသမားများထက် မာတစ်မှာ ဦးစားပေး ပစ်မှတ်ဖြစ်ကြောင်းကို နည်းပြမော်ရင်ညိုက ဖွင့်ဟဝန်ခံထားပြီးလည်းဖြစ်သည်။

အသက် ၂၉ နှစ်ပြည့်တော့မည့် မာတစ်နှင့် ချယ်လ်ဆီးအသင်းအကြားတွင် ချုပ်ဆိုထားသော စာချုပ်သည် သက်တမ်းအားဖြင့် ၂ နှစ်သာ ကျန်ရှိတော့ပြီး အကယ်၍ ချယ်လ်ဆီးထံသို့ ဘာကာယိုကို ပြောင်းရွှေ့ ရောက်ရှိလာခဲ့မည်ဆိုပါက မာတစ်မှာ အသင်းနှင့် သက်တမ်းတိုးစာချုပ် ချုပ်ဆိုရေးထက် အသင်းပြောင်းရွှေ့ရေးကို ဦးတည်သွားဖွယ် အခြေအနေများလည်း ရှိနေပြီဖြစ်သည်။

မန်ယူသည် မာတစ်ကို ခေါ်ယူရန်အတွက် ပြောင်းရွှေ့ကြေး ပမာဏ ပေါင်သန်း ၄၀ အသုံးပြုရန် ရည်ရွယ်ထားပြီး ရိုးမားကွင်းလယ်လူ နိုင်ဂိုလန်ကို ရရှိနိုင်မည်ဆိုပါကလည်း ပြောင်းရွှေ့ကြေး ပမာဏ ပေါင်သန်း ၄၀ သုံးစွဲသွားရန် မန်ယူက အသင့်အနေအထားတွင် ရှိနေသည်။

ရိုးမားအားကစားဒါရိုက်တာသစ် မွန်ချီသည် နည်းပြသစ် ဒီဖရန်ဆက်ကိုနှင့်လက်တွဲ၍ အသင်းကို အသစ်ပြင်ဆင်ဖွဲ့စည်းရန် စီစဉ်နေပြီး ယင်းအတွက် ထိုက်တန်သည့် ပြောင်းရွှေ့ကြေးတစ်ရပ်ကို ရရှိနိုင်မည်ဆိုပါက နိုင်ဂိုလန်ကို ရောင်းထုတ်ရန် မွန်ချီက လက်ခံစဉ်းစားပေးဖွယ် အခြေအနေများရှိနေသည်။