News

POST TYPE

SPORTS

ရီးရဲလ်မက်ဒရစ်က ထွက်ခွာလိုကြောင်း ဖာဂူဆန်ကို စီရော်နယ်ဒို အသိပေးခဲ့၊ မန်ယူသို့ပြောင်းနိုင်ရန် အေးဂျင့်ဖြစ်သူကို စီရော်နယ်ဒို ညွှန်ကြားထား
19-Jun-2017 tagged as စီရော်နယ်ဒို

မန်ချက်စတာ၊ ဇွန် ၁၉

ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူး စီရော်နယ်ဒိုသည် ရီးရဲလ်မက်ဒရစ်ကို ၎င်းစွန့်ခွာချင်နေပြီဖြစ်ကြောင်းကို လွန်ခဲ့သည့် သီတင်းခြောက်ပတ်ခန့်က ဆရာဟောင်းဖြစ်သူ မန်ယူဂန္ထဝင်နည်းပြကြီး ဖာဂူဆန်ကို ဖွင့်ဟအသိပေးခဲ့ပြီး ဖြစ်သည်ဟု The Mirror က ဖော်ပြထားသည်။

စီရော်နယ်ဒိုသည် ဖာဂူဆန်ကို ၎င်း၏ဒုတိယဖခင်ဟုပင် ညွှန်းဆိုခဲ့ဖူးပြီး ၎င်းအနေနှင့် ရီးရဲလ်မက်ဒရစ်အတွက် အကောင်းဆုံး ပေးဆပ်ကစားခဲ့သော်လည်း ပရိသတ်၏ အချစ်တော် ကစားသမားတစ်ဦးအဖြစ် ဆက်ဆံမခံရသည်ကို စိတ်ပျက်နေပြီဖြစ်ကြောင်း ချန်ပီယံလိဂ်ဗိုလ်လုပွဲ မစတင်မီတွင် ဖာဂူဆန်ကို စီရော်နယ်ဒိုက ရင်ဖွင့်ခဲ့ကြောင်း သတင်းရင်းမြစ်များက ဆိုသည်။

စီရော်နယ်ဒိုသည် ရီးရဲလ်မက်ဒရစ် ပရိသတ်များက ၎င်းခြေစွမ်းမပြနိုင်ချိန်များတွင် အော်ဟစ် လှောင်ပြောင်တတ်သည့် အမူအကျင့်များကို လွန်စွာ စိတ်ကုန်နေပြီဖြစ်ပြီး မန်ယူပရိသတ်များနှင့် ၎င်းအကြားတွင်ရှိခဲ့ဖူးသော ဆက်ဆံရေး အခြေအနေကို ပြန်လည် သတိရမိကြောင်းလည်း စီရော်နယ်ဒိုက ဖာဂူဆန်ကို အသိပေးခဲ့သေးသည်။

စီရော်နယ်ဒိုသည် စပိန်အစိုးရရှေ့နေများနှင့် စပိန်အခွန်ဦးစီးဌာနတို့က ၎င်းကို အခွန်တိမ်းရှောင်သည်ဟု စွပ်စွဲ၍ အမှုစွဲဆိုရန် ပြင်ဆင်နေသည်ကိုလည်း ဒေါသပေါက်ကွဲလျက်ရှိကာ ယင်းအခြေအနေအပေါ်တွင် မူတည်၍ ပြောင်းရွှေ့ကြေးပေါင် ၁၈၃ သန်းအပြင် ဂိုးသမား ဒီဂီယာကိုပါ အလိုက်ပေး၍ စီရော်နယ်ဒိုနှင့် မိုရာတာတို့ကို ခေါ်ယူရန် မန်ယူဘက်က ပြင်ဆင်နေပြီဖြစ်သည်။

စီရော်နယ်ဒိုသည် စပိန်အစိုးရရှေ့နေများနှင့် စပိန်အခွန်ဦးစီးဌာနတို့ဘက်က အမှုစွဲဆိုမည့်ကိစ္စကို ရှေ့ဆက်တိုးခဲ့မည်ဆိုပါက စပိန်နိုင်ငံကို စွန့်ခွာရလိမ့်မည်ဟု အတိအလင်း ပြောကြားထားပြီဖြစ်ပြီး အသင်းဟောင်း မန်ယူထံသို့ ပြန်လည် ပြောင်းရွှေ့နိုင်မည့် ဖြစ်နိုင်ခြေ နည်းလမ်းအားလုံးကို ရှာဖွေထားရန်လည်း ၎င်း၏အေးဂျင့်ဖြစ်သူ ဂျော့ခ်ျမန်ဒက်စ်ကို စီရော်နယ်ဒိုက ညွှန်ကြားချက်ပေးထားပြီဖြစ်ကြောင်း The Sun က ဖော်ပြထားသည်။

ရီးရဲလ်မက်ဒရစ်နှင့် စာချုပ်သက်တမ်း ကုန်ဆုံးသွားခဲ့ပြီဖြစ်သော ပီပီကလည်း စီရော်နယ်ဒိုကို ၎င်းနှင့်အတူ ပီအက်စ်ဂျီသို့ လိုက်ပါပြောင်းရွှေ့ရန် တိုက်တွန်းမှုများ ရှိနေပြီး စီရော်နယ်ဒိုကို ခေါ်ယူရရှိနိုင်မည်ဆိုပါက ပြောင်းရွှေ့ကြေးပမာဏ ပေါင် ၁၂၂ သန်း၊ အခွန်ဆောင်ခြင်း အပြီးအစီး တစ်နှစ်လုပ်ခပေါင် ၂၄ သန်း အသုံးပြုရန် ပီအက်စ်ဂျီက အသင့်ပြင်ထားပြီးဖြစ်သည်။