News

POST TYPE

SPORTS

ဆဲလ်တစ်နှင့် ရိန်းဂျားတို့ ပရီးမီးယားလိဂ်တွင် ပါဝင်ကစားနိုင်ရန် တံခါးဖွင့်ပေးလိုက်ပြီဟု စကော့တလန် ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ အသိပေး

ဂလပ်စကို၊ ဇွန် ၈

စကော့တလန် ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ နေးလ်ဒွန်ကက်စတာသည် ပရီးမီးယားလိဂ်တွင် စကော့တလန် ထိပ်သီး ကလပ်အသင်းနှစ်သင်းဖြစ်သည့် ဆဲလ်တစ်နှင့် ရိန်းဂျားတို့ ပါဝင်ကစားနိုင်စေရန်အတွက် ၎င်းတို့ဘက်က တံခါးဖွင့်ပေးလိုက်ပြီဟု အသိပေးလိုက်ပြီဖြစ်ကြောင်း BBC က ဖော်ပြထားသည်။

ဆဲလ်တစ်နှင့် ရိန်းဂျားတို့သည် အင်္ဂလန် ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် ပါဝင်ကစားခွင့် ရနိုင်စေရန်အတွက် လွန်ခဲ့သည့်နှစ်ပေါင်း များစွာကတည်းကပင် ကြိုးပမ်းနေခဲ့ကြခြင်းဖြစ်ကာ လက်ရှိတွင်မူ ၎င်းတို့၏ မျှော်လင့်ချက် အကောင်အထည်ပေါ်နိုင်စေရန်အတွက် လမ်းစတစ်ခု ထွက်ပေါ်လာခဲ့ပြီဖြစ်ကြောင်း ဆဲလ်တစ်အသင်း တာဝန်ရှိသူတစ်ဦးကလည်း ဝမ်းသာစကား ပြောကြားသွားခဲ့သည်။

အိုင်ယာလန်၊ မြောက်အိုင်ယာလန်၊ ဝေလနှင့် စကော့တလန်နိုင်ငံများရှိ ကလပ်အသင်းအချို့သည် အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်လက်အောက်ရှိ အမှတ်ပေးပြိုင်ပွဲများသို့ ပြောင်းရွှေ့ကစားရန်အတွက် လာမည့် သီတင်းပတ်အတွင်း၌ အလုပ်ရုံဆွေးနွေးပွဲတစ်ခု ကျင်းပလိမ့်မည်ဖြစ်ကာ အင်္ဂလန် အမှတ်ပေးပြိုင်ပွဲများတွင် အိုင်ယာလန်၊ မြောက်အိုင်ယာလန်၊ ဝေလနှင့် စကော့တလန်ကလပ်များ ပါဝင်ကစားလိုလျက်ရှိသည့် အဓိက အကြောင်းရင်းမှာ ဆုကြေးနှင့် ရုပ်သံလွှင့်ခ အကျိုးခံစားခွင့် မြင့်မားစွာရရှိနိုင်မည့်အချက်ကြောင့်ဖြစ်သည်။

စကော့တလန် ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒွန်ကက်စတာသည် ဆဲလ်တစ်နှင့် ရိန်းဂျားတို့ ပရီးမီးယားလိဂ်သို့ ပြောင်းရွှေ့ကစားနိုင်စေရေးအတွက် ဥရောပဘောလုံးအဖွဲ့ချုပ် (ယူအီးအက်ဖ်အေ)နှင့် ဆွေးနွေးညှိနှိုင်းပေးရန်လည်း စီစဉ်နေပြီး လက်ရှိတွင် ဝေလနိုင်ငံအခြေစိုက် ကလပ်အသင်းနှစ်သင်းဖြစ်သော ဆွမ်ဆီးနှင့် ကာဒစ်ဖ်တို့မှာ ပရီးမီးယားလိဂ်နှင့် ချန်ပီယံရှစ်ပြိုင်ပွဲများတွင် ပါဝင်ကစားလျက်ရှိသည်။