News

POST TYPE

SPORTS

အမေရိကန်ရေကူးအားကစားသမားသုံးဦးကို ဘရာဇီးအာဏာပိုင်များ ဖမ်းဆီး
18-Aug-2016
ရိုင်အိုအိုလံပစ်သို့ လာရောက်ယှဉ်ပြိုင်ကစားကြသည့် အမေရိကန်ရေကူးအားကစားသမား သုံးဦးသည် သြဂုတ် ၁၇ ရက်(ဗုဒ္ဓဟူးနေ့)က အိမ်သို့ ပြန်ရန်ထွက်ခွာစဉ် လေယာဉ်ကွင်း၌ ဘရာဇီးအာဏာပိုင်များက အိုရိုမြိ့ ဓားမြတိုက်မှုနှင့်ဆက်စပ်မှုရှိသည်ဟုဆိုကာ ထိန်းသိမ်းခေါ်ဆောင်သွားခဲ့သည်ဟု ရဲသတင်းအရင်းအမြစ်များအရ သိရသည်။

ရဲဌာနအနေဖြင့် ရွှေတံဆိပ်ဆုရ ရေကူးချန်ပီယံ ရိုင်ယန် လော့(ရှ်)တီကို မေးလိုသော်လည်း သူသည် အမေရိကန်နိုင်ငံသို့ ပြန်သွားပြီဖြစ်သည်ဟု ဆိုသည်။ဘရာဇီးတရားသူကြီးသည် သြဂုတ် ၁၃ ရက်(တနင်္ဂနွေနေ့) နံနက်ပိုင်းက ဖြစ်ပွားခဲ့သည့် ဓားမြတိုက်မှုနှင့် ပတ်သက်ပြီး အမေရိကန် ရေကူးအားကစားသမားများဖြစ်သော လော့(ရှ်)တီ၊ ဂျိမ်း ဖိုင်းဂျင်၊ ဂန်နာ ဘန့်(စ်)နှင့် ဂျတ်ကွန်ဂါတို့ကို မေးမြန်းမှုများပြုလုပ်ရန် ဗုဒ္ဓဟူးနေ့၌ ရဲဌာနသို့ ညွန်ကြားခဲ့သည်။

ရဲဌာန ပြောရေးဆိုခွင့်ရှိသူက အသက် ၃၂ အရွယ်ရှိပြီဖြစ်သော လော့(ရှ်)မှာ နေရပ်သို့ ပြန်သွားပြီး ကျန်သည့် အားကစားသမားသုံးဦးကိုတော့ ရိုင်အိုအပြည်ပြည်ဆိုင်လေဆိပ်တွင် ဗုဒ္ဓဟူးနေ့ ညနေ၌ တားမြစ်နိုင်ခဲ့သည်ဟု ဆိုသည်။

အမေရိကန် အိုလံပစ်ကော်မတီ(USOC) မှ ပြောရေးဆိုခွင့်ရှိသူက ဘန့်(စ်)နှင့် ကွန်ဂါတို့ကို ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု အတည်ပြုပြောဆိုသည်။ USOC မှ ပြောရေးဆိုခွင့်ရှိသူ ပထရစ် ဆန်ဒတ်ကီက “ဂျတ် ကွန်ဂါနဲ့ ဂန်နာ ဘန့်(စ်)တို့ဟာ ဒီကနေ့ အမေရိကန်နိုင်ငံကိုအပြန် လေယာဉ်ကွင်းမှာ ဘရာဇီးအာဏာပိုင်တွေက ခေါ်ဆောင်သွားခဲ့တယ်။ ကျွန်တော်တို့ဟာ နောက်ထပ် သတင်းအချက်အလက်များ ရအောင် ဆက်လက်စု ဆောင်းနေပါတယ်” ဟုဆိုသည်။ ယခုအချိန်ထိတော့ ၎င်းတို့ သုံးဦးကိုမေးခွန်းမေးမြန်းခြင်းသာဖြစ်ပြီး ပြစ်တင်စွပ်စွဲခြင်း မရှိဟု သိရသည်။
Source: Reuter
Photo Credit: Reuter  


  • VIA