POST TYPE

SPORTS

အဆင့်လေးနေရာနှင့် လွဲချော်ခြင်းကို အာဆင်နယ် ပရိသတ်များက ပြဿနာကြီးတစ်ခုဟု ထင်မှတ်နေကြောင်း အာစင်ဝင်းဂါး အပြစ်တင်
လန်ဒန်၊ မေ ၁၈

အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးသည် ၎င်းအတွက် အဆင့်လေးနေရာဖြင့် ရာသီသိမ်းခွင့်ရခြင်းမှာ ထူးခြားဆန်းပြားသည့် အခြေအနေတစ်ရပ်မဟုတ်ဟု ဖွင့်ဟအသိပေးလိုက်ပြီး အာဆင်နယ် ပရိသတ်များကမူ အဆင့်လေးနေရာတွင် ရပ်တည်၍ ရာသီသိမ်းခွင့် ရနိုင်ရေးမှာ လွန်စွာအရေးကြီးသည့် ကိစ္စတစ်ရပ်ဟု မှတ်ထင်ယူဆနေသည့် အတွက် ၎င်းအနေနှင့် နားမလည်နိုင် ဖြစ်ရကြောင်း အာစင်ဝင်းဂါးက အပြစ်တင်သွားခဲ့သည်ဟု Sky Sports က ဖော်ပြထားသည်။

အာဆင်နယ်သည် အဆင့်လေးနေရာကို ရယူနိုင်ရန်အတွက် အဲဗာတန်နှင့် ယှဉ်ပြိုင်ရမည့် ရာသီသိမ်းပွဲစဉ်တွင် အနိုင်ရလဒ်ကို ရယူနိုင်ရန် လိုအပ်ရုံသာမက ၎င်း၏ အနီးကပ်ပြိုင်ဘက်များ ဖြစ်သည့် လီဗာပူးနှင့် မန်စီးတီးတို့ ခြေချော်ရန်လည်း ဆုတောင်းရလိမ့်မည် ဖြစ်ကာ အဆင့်လေး နေရာတွင် ရပ်တည်၍ ရာသီသိမ်းခွင့်ရခြင်းမှာ အသင်းအတွက် ထူးခြားသည့် အခြေအနေတစ်ရပ်မဟုတ် ဟူသည့် စကားကို  အာဆင်နယ်နည်းပြဘဝ ဖြတ်သန်းမှု တစ်လျှောက်လုံး ၎င်းအနေနှင့် ပြောကြားခဲ့ခြင်း ဖြစ်ကြောင်းလည်း အာစင်ဝင်းဂါးက အသိပေးသွားခဲ့သေးသည်။

အာစင်ဝင်းဂါးသည် ယမန်နှစ် ဘောလုံးရာသီထက် အမှတ်ပိုမိုရယူနိုင်သည့် အခြေအနေတစ်ရပ်ဖြင့် ရာသီသိမ်းနိုင်တော့မည်မှာ အသင်းတိုးတက်လာခြင်း၏ ပြယုဂ်တစ်ခုပင် ဖြစ်သည်ဟု ကာကွယ်ပြောဆိုသွားခဲ့ပြီး ရာသီသိမ်းပွဲစဉ်တွင် အဲဗာတန်ကို ဆက်လက်အနိုင်ယူ၍ ရမှတ် ၇၅ မှတ်ဖြင့် ရာသီသိမ်းနိုင်ရေးမှာ လက်ရှိအချိန်တွင် ၎င်းအာရုံစူးစိုက်ထားသည့် တစ်ခုတည်းသော အကြောင်းအရာဖြစ်ကြောင်း အာစင်ဝင်းဂါးက ဆက်လက်ပြောကြားသွားခဲ့သည်။

အာဆင်နယ်သည် ယမန်နှစ် ဘောလုံးရာသီ၌ ပရီးမီးယားလိဂ် အမှတ်ပေးဇယားတွင် ဒုတိယနေရာကိုရယူကာ ရာသီသိမ်းနိုင်ခဲ့သော်လည်း ရမှတ်စုစုပေါင်း ၇၁ မှတ်သာ ရရှိခဲ့ကာ လက်ရှိဘောလုံးရာသီတွင်မူ ပွဲစဉ် ၃၇ ပွဲယှဉ်ပြိုင် ပြီးချိန်၌ အာဆင်နယ်က ရမှတ်ပမာဏ ၇၂ မှတ်အထိ ရယူထားနိုင်ခဲ့ပြီ ဖြစ်သည်။

သတင်းမီဒီယာများနှင့် တွေ့ဆုံခဲ့ရာတွင် အာစင်ဝင်းဂါးက “အခုအချိန်မှာ ကျွန်တော် အာရုံစူးစိုက်ထားတာက ရာသီသိမ်းပွဲစဉ်မှာ အဲဗာတန်ကို အနိုင်ရဖို့ပါပဲ။ ဒါဆိုရင် ရမှတ် ၇၅ မှတ်ရယူပြီး ကျွန်တော်တို့ ရာသီသိမ်းနိုင်ပါလိမ့်မယ်။ ဒါဟာ အာဆင်နယ်အတွက် နောက်ဆုံး ၁၀ နှစ် တာကာလအတွင်း ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ရမှတ်အများဆုံး ရယူနိုင်တဲ့ ဘောလုံးရာသီတစ်ခု ဖြစ်လာစေမှာပါ။ အဆင့်ငါးနေရာနဲ့ ရာသီသိမ်းပြီး ယူရိုပါလိဂ်ကစားခဲ့ရမယ် ဆိုရင်လည်း ဖြစ်လာသမျှ အခြေအနေအရပ်ရပ်ကို ကျွန်တော်တို့တွေ လက်ခံရင်ဆိုင်သွားရမှာပါပဲ” ဟု အသိပေးသွားခဲ့သည်။

E-11