POST TYPE

SPORTS

လာမည့် ဘောလုံးရာသီကစ၍ ဟန်ဆောင်ဒိုင်ဗင်ထိုးသည့် ကစားသမားများကို ပွဲပယ်ပြစ်ဒဏ် ချမှတ်မည်
19-May-2017 tagged as ဘောလုံး

လန်ဒန်၊ မေ ၁၉

အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် (အက်ဖ်အေ) စည်းကမ်းထိန်းသိမ်းရေးကော်မတီသည် လာမည့် ၂၀၁၇-၁၈ ဘောလုံးရာသီက စတင်၍ အင်္ဂလန်နိုင်ငံရှိ အမှတ်ပေး ဘောလုံးပြိုင်ပွဲများတွင် ဟန်ဆောင်ဒိုင်ဗင်ထိုးသည့် ကစားသမားများကို ပွဲပယ်ပြစ်ဒဏ် ချမှတ်ခြင်းဖြင့် အရေးယူမည့် ဥပဒေတစ်ရပ် ပြဌာန်းလိုက်ပြီ် ဖြစ်ကြောင်း Mail Online က ဖော်ပြထားသည်။

အက်ဖ်အေသည် ယမန်နေ့က ကျင်းပခဲ့သော နှစ်ပတ်လည် အစည်းအဝေးပွဲတွင် ယင်းဥပဒေသစ်ကို ပြဌာန်းရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်ပြီး ဥပဒေနှင့် သက်ဆိုင်သည့် အသေးစိတ် အချက်အလက်များကို လာမည့် တနင်္လာနေ့တွင် ထုတ်ပြန်ကြေညာပေးရန် အက်ဖ်အေက ပြင်ဆင်ထားသည်။

အက်ဖ်အေသည် ဟန်ဆောင်ဒိုင်ဗင်ထိုးသည့် ကစားသမားများကို အရေးယူမည့် ဥပဒေအား လွန်ခဲ့သည့် မတ်လကတည်းက ရေးဆွဲနေခဲ့ခြင်းဖြစ်ပြီး စကော့တလန် အမှတ်ပေး ဘောလုံးပြိုင်ပွဲတွင်မူ ဟန်ဆောင်ဒိုင်ဗင်ထိုးသည့် ကစားသမားကို တစ်ပွဲပယ်ပြစ်ဒဏ် ချမှတ်၍ အရေးယူသည့် ဥပဒေတစ်ရပ်ကို စတင်ကျင့်သုံးနေပြီ ဖြစ်သည်။

အက်ဖ်အေသည် ဟန်ဆောင်ဒိုင်ဗင်ထိုး၍ ပင်နယ်တီ တောင်းခံခြင်းနှင့် ပြိုင်ဘက်ကစားသမား အ၀ါကတ် သို့မဟုတ် အနီကတ် ထိစေရန် ရည်ရွယ်၍ ဟန်ဆောင်ဒိုင်ဗင်ထိုးခြင်းများကို အဓိကထား အရေးယူသွားမည်ဖြစ်ပြီး လက်ရှိတွင် ယင်းဟန်ဆောင်ဒိုင်ဗင်ထိုးခြင်းမှာ ဘောလုံးလောက၌ ပွဲရသကို ဖျက်ဆီးပစ်သည့် အကြောင်းရင်းခံတစ်ရပ် ဖြစ်မှန်းမသိ ဖြစ်လာနေပြီ ဖြစ်၍ ယခုဥပဒေကို အလျင်အမြန် ရေးဆွဲလိုက်ရခြင်း ဖြစ်ပါကြောင်း အက်ဖ်အေတာဝန်ရှိသူတစ်ဦးက ရှင်းပြပြောဆိုသွားခဲ့သည်။