News

POST TYPE

SPORTS

ရာသီသိမ်းပွဲစဉ်အပြီးတွင် ၀က်ဖို့ဒ်ကို နည်းပြ မက်ဇာရီ စွန့်ခွာမည်
17-May-2017 tagged as ဘောလုံး

လန်ဒန်၊ မေ ၁၇

ဝက်ဖို့ဒ်နည်းပြ မက်ဇာရီသည် လာမည့် တနင်္ဂနွေနေ့တွင် မန်စီးတီးနှင့် ယှဉ်ပြိုင်ရမည့် ပရီးမီးယားလိဂ် ရာသီသိမ်းပွဲစဉ်အပြီးတွင် ဝက်ဖို့ဒ်ကို စွန့်ခွာတော့မည် ဖြစ်ကြောင်း Sportmail က ဖော်ပြထားသည်။

ဝက်ဖို့ဒ်အသင်း ကစားသမားများသည် နည်းပြ မက်ဇာရီနှင့် ၎င်းတို့အကြားရှိ အဆင်မပြေမှုများကို အသင်းတာဝန်ရှိသူများထံ စောဒက တက်ခဲ့အပြီးတွင် အသင်းတာဝန်ရှိသူများက ၎င်းကို ခေါ်ယူ တွေ့ဆုံဆွေးနွေးခဲ့ကာ အဆုံးသတ်တွင် မက်ဇာရီက အသင်းရှေ့ရေးအတွက် ရည်ရွယ်ပြီး ဘောလုံးရာသီပြီးဆုံးချိန်တွင် ရာထူးနုတ်ထွက်ပေးရေးကို လက်ခံသွားခဲ့ခြင်းဖြစ်သည်။

ဝက်ဖို့ဒ်အသင်း ကစားသမားများသည် နည်းပြ မက်ဇာရီ၏ အီတလီ ဘာသာစကားဖြင့် ညွှန်ကြားချက် ပေးအပ်ခြင်းများမှာ ၎င်းတို့အတွက် နားလည်ရန် ခက်ခဲလွန်းလှကြောင်းနှင့် အီတလီရိုးရာ လေ့ကျင့်ရေး အစီအစဉ်များမှာ ၎င်းတို့အတွက် အဆင်မပြေကြောင်း စောဒက တက်ခဲ့ကြပြီး အကယ်၍ မက်ဇာရီကို နည်းပြအဖြစ် ဆက်လက် ခန့်အပ်ထားမည်ဆိုပါက လာမည့် နွေရာသီကာလ အပြောင်းအရွှေ့ ဈေးကွက် ဖွင့်လှစ်ချိန်တွင် အသင်းပြောင်းရန် စဉ်းစားရလိမ့်မည်ဟုလည်း ဝက်ဖို့ဒ်ကစားသမားများက အသင်းတာဝန်ရှိသူများကို ခြိမ်းခြောက်ခဲ့ကြသေးသည်။

ဝက်ဖို့ဒ်အသင်း တာဝန်ရှိသူများသည် မက်ဇာရီ၏နေရာတွင် အစားထိုးရန် ဟားလ်စီးတီးနည်းပြ မာကိုဆေးလ်ဗားကို စောင့်ကြည့်လျက်ရှိပြီး ဟားလ်စီးတီးနှင့် မာကိုဆေးလ်ဗားအကြားတွင် ချုပ်ဆိုထားသော စာချုပ်မှာ လက်ရှိ ဘောလုံးရာသီပြီးဆုံးချိန်တွင် သက်တမ်း ကုန်ဆုံးမည်ဖြစ်၍ ၎င်းကို ခေါ်ယူလိုသော အသင်းများမှာ လျော်ကြေးပေးရန် မလိုဘဲ အလွတ် ရရှိလိမ့်မည်ဖြစ်သည်။