News

POST TYPE

SPORTS

ဒိုင်လူကြီး မိုက်ကယ်အိုလီဗာကို မော်ရင်ညို ကျေးဇူးတင်စကားဆို
17-May-2017 tagged as


မန်ချက်စတာ၊ မေ ၁၇

မန်ယူနည်းပြ မော်ရင်ညိုသည် မန်ယူအသင်း၏ လက်ရှိ အခြေအနေ အရပ်ရပ်အတွက် ကျေးဇူး အထူးတင်ရမည့်သူမှာ ဒိုင်လူကြီး မိုက်ကယ်အိုလီဗာ ဖြစ်သည်ဟု ဖွင့်ဟ ပြောကြားလိုက်ပြီး မိုက်ကယ်အိုလီဗာ၏ စေတနာကို ၎င်းအနေနှင့် ယခုအချိန်သို့ ရောက်မှသာ သဘောပေါက် နားလည်လာခဲ့သည်ဟု မော်ရင်ညိုက ပြောကြားသွားခဲ့ကြောင်း Sky Sports က ဖော်ပြထားသည်။

မိုက်ကယ်အိုလီဗာသည် ချယ်လ်ဆီးက မန်ယူကို တစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ယူသွားခဲ့သည့် အက်ဖ်အေဖလား ကွာတားဖိုင်နယ်ပွဲစဉ်တွင် မန်ယူကွင်းလယ်လူ ဟာရီရာကို နှစ်ဝါ တစ်နီဖြင့် ထုတ်ပယ်ခဲ့ပြီး ယင်းပွဲစဉ်အပြီးတွင် မော်ရင်ညိုက မန်ယူအသင်း အက်ဖ်အေဖလား ဆီမီးဖိုင်နယ်အဆင့်သို့ တက်ရောက်ခွင့်နှင့် လွဲချော်ခဲ့ရသည်မှာ မိုက်ကယ် အိုလီဗာကြောင့်ဖြစ်သည်ဟု စွပ်စွဲပြစ်တင်ခဲ့ဖူးသည်။

မန်ယူသည် လက်ရှိ ဘောလုံးရာသီတွင် ပွဲစဉ်ပေါင်း ၆၁ ပွဲ ယှဉ်ပြိုင် ကစားခဲ့ပြီးဖြစ်ကာ လက်ကျန် ပရီးမီးယားလိဂ် ပွဲစဉ်တစ်ပွဲနှင့် ယူရိုပါလိဂ်ဗိုလ်လုပွဲတို့ကို ထည့်သွင်းတွက်ချက်မည်ဆိုပါက မန်ယူ၏ ၂၀၁၆-၁၇ ဘောလုံးရာသီအတွင်း ယှဉ်ပြိုင် ကစားခဲ့ရသည့် ပွဲအရေအတွက် စုစုပေါင်းမှာ ၆၃ ပွဲသို့ မြင့်တက်ရောက်ရှိလာတော့မည်ဖြစ်သည်။

သတင်းမီဒီယာများနှင့် တွေ့ဆုံခဲ့ရာတွင် မော်ရင်ညိုက “အခုအချိန်မှာ ဒိုင်လူကြီး မိုက်ကယ်အိုလီဗာကို ကျေးဇူးတင်ရပါတော့မယ်။ အက်ဖ်အေဖလား ပြိုင်ပွဲမှာ ဆီမီးဖိုင်နယ်အဆင့်ဆီ ဆက်တက်ခဲ့ရင် ကျွန်တော်တို့ အနေအထားနဲ့ ဘယ်လိုမှ မလွယ်နိုင်ပါဘူး။ အက်ဖ်အေဖလား ဆီမီးဖိုင်နယ်အတွက် ပရီးမီးယားလိဂ် ပွဲစဉ်တစ်ပွဲကို ပွဲရွှေ့ပေးရမယ်။ အဲ့ဒီပွဲရွှေ့ထားတဲ့ပွဲစဉ်က အခုလို ရာသီသိမ်းခါနီး သီတင်းပတ်တွေထဲ ရောက်လာမှာ ကျိန်းသေပါပဲ။ လက်ရှိလူစာရင်းနဲ့ အဲ့ဒီလိုပွဲကျန်တွေသာ ဆက်တိုက် ကစားနေရမယ်ဆိုရင် အရမ်းပဲ အခက်တွေ့ရမှာပါ။ ဒိုင်လူကြီး မိုက်ကယ်အိုလီဗာက အက်ဖ်အေဖလား ပြိုင်ပွဲကနေ ထွက်ရအောင် လုပ်ပေးလိုက်လို့ ကျွန်တော်တို့ အနည်းငယ် အဆင်ပြေနေတာ ဖြစ်ပါတယ်”ဟု ပြောကြားသွားခဲ့သည်။

မော်ရင်ညိုသည် ရာသီပိတ်သိမ်းခါနီးတွင် မန်ယူ၏ ဒဏ်ရာရ ကစားသမားစာရင်း မယုံကြည်နိုင်လောက်ဖွယ်ရာ မြင့်တက်သွားသည်ကို အံ့သြနေဆဲဖြစ်ပြီး ဒဏ်ရာပြဿနာ အများစုမှာ ကာလရှည်နားရမည့်ဒဏ်ရာ အမျိုးအစားများ ဖြစ်နေခဲ့သည့်အချက်ကလည်း ၎င်းကို များစွာ ထိုးနှက်ခဲ့ကြောင်း မော်ရင်ညိုက ဖွင့်ဟ၀န်ခံသွားခဲ့သေးသည်။

  • TAGS