News

POST TYPE

SPORTS

ချန်ပီယံလိဂ်ဝင်ခွင့်ဆုံးရှုံးခဲ့ပါက မန်ယူ ပေါင်သန်း ၅၀ ကျော် နစ်နာမည်၊ အကြွေးပမာဏ ငါးရာခိုင်နှုန်း မြင့်တက်
17-May-2017 tagged as မန်ယူအသင်း


မန်ချက်စတာ၊ မေ ၁၇

မန်ယူအသင်းသည် လာမည့် မေလ ၂၄ ရက်နေ့တွင် အေဂျက်နှင့် ယှဉ်ပြိုင်ရမည့် ယူရိုပါလိဂ် ဗိုလ်လုပွဲ၌ အရှုံးရလဒ်ဖြင့် ကြုံဆုံကာ ချန်ပီယံလိဂ်ပြိုင်ပွဲ ပါဝင်ကစားခွင့်ကို လက်လွှတ်လိုက်ရမည်ဆိုပါက ၀င်ငွေ ရရှိမှုပမာဏ ပေါင်သန်း ၅၀ နစ်နာဖွယ် ရှိနေပြီဖြစ်ကြောင်း Sky Sports က ဖော်ပြထားသည်။

မန်ယူသည် လက်ရှိတွင် ချန်ပီယံလိဂ်ပြိုင်ပွဲ ပါဝင်ကစားခွင့် ရနိုင်ရေးအတွက် ယူရိုပါလိဂ် ပြိုင်ပွဲတွင် ဗိုလ်စွဲရန် မဖြစ်မနေ လိုအပ်နေပြီဖြစ်ကာ ချန်ပီယံလိဂ် ပြိုင်ပွဲဝင်ခွင့် မရခဲ့ပါက ပထမဆုံး ဆုံးရှုံးနစ်နာမည်မှာ ၀တ်စုံစပွန်ဆာစာချုပ် ချုပ်ဆိုထားသည့် အက်ဒီးဒတ်စ်ထံမှ စပွန်ဆာကြေး ရရှိမှုပင်ဖြစ်သည်။

အက်ဒီးဒတ်စ်သည် မန်ယူနှင့် စပွန်ဆာစာချုပ် ချုပ်ဆိုရာတွင် ချန်ပီယံလိဂ်ပြိုင်ပွဲ ပါဝင်ကစားခွင့် ၂ နှစ်ဆက် ဆုံးရှုံးခဲ့ပါက စပွန်ဆာကြေးကို ၃၀ ရာခိုင်နှုန်း လျှော့ချမည်ဟု သဘောတူညီချက် ထည့်သွင်းထားခဲ့ကာ ယင်းအချက်အရ မန်ယူ၏ အက်ဒီးဒတ်စ်ထံမှနေ၍ တစ်နှစ်လျှင် စပွန်ဆာကြေး ပေါင် ၇၅ သန်း ရရှိနေမှုမှာ ပေါင် ၂၁ သန်း လျော့ကျပြီး ပေါင် ၅၄ သန်းသာ ရနိုင်တော့မည့် အခြေအနေ ဖြစ်သွားတော့မည်ဖြစ်သည်။

မန်ယူသည် ချန်ပီယံလိဂ်ပြိုင်ပွဲကို ပါဝင်ကစားခွင့် ရခဲ့ပါက ရုပ်သံလွှင့်ခနှင့် ပြိုင်ပွဲဝင်ခွင့်ရခြင်းတို့ကတစ်ဆင့် အနိမ့်ဆုံးအဖြစ် ၀င်ငွေပမာဏ ပေါင်သန်း ၃၀ ရရှိမည်ဖြစ်ကာ ချန်ပီယံလိဂ်နှင့် ယူရိုပါလိဂ်အကြားတွင် ကွင်းဝင်ကြေး ရရှိမှုမှာလည်း နှစ်ဆနီးပါး ကွာဟကြောင်း မန်ယူအသင်း ဘဏ္ဍာရေးတာဝန်ခံ ကလစ်ဖ်ဘာတီက ရှင်းပြသွားခဲ့သည်။

သတင်း မီဒီယာများနှင့် တွေ့ဆုံခဲ့ရာတွင် ဘာတီက “ယူရိုပါလိဂ်မှာ ကွင်းဝင်းကြေး ရရှိနိုင်မှုက ပေါင် ၁၅ သန်းနဲ့ သန်း ၂၀ ကြားပဲ ရှိပါတယ်။ ချန်ပီယံလိဂ် ဝင်ခွင့်ရမယ်ဆိုရင်တော့ ကွင်းဝင်ကြေး တစ်ခုတည်းကတင် ပေါင်သန်း ၄၀ နဲ့ ၅၀ ကြား ရရှိနိုင်မှာပါ”ဟု ပြောကြားသွားခဲ့သည်။

မန်ယူသည် လက်ရှိတွင် အကြွေးငွေပမာဏ ငါးရာခိုင်နှုန်း မြင့်တက်လာခြင်းကိုလည်း ရင်ဆိုင်နေရပြီး မန်ယူ၏ အကြွေးပမာဏမှာ လွန်ခဲ့သည့်သုံးလအတွင်း ပေါင် ၁၂ သန်း မြင့်တက်လာခဲ့ကြောင်း အသင်းတာဝန်ရှိသူများက ဝန်ခံထားကြပြီဖြစ်သည်။

မန်ယူ၏ အကြွေးငွေ ပမာဏသည် လက်ရှိတွင် ပေါင် ၃၆၆ ဒသမ ၃ သန်းရှိနေပြီး ယင်းသို့ အကြွေးငွေ ပမာဏ မြင့်တက်လာရခြင်းမှာ ဘရီဇစ်(ဥရောပ သမဂ္ဂလက်အောက်မှနေ၍ ဗြိတိန် ခွဲထွက်ခြင်း)ဖြစ်စဉ်နှင့်လည်း တစ်စိတ်တစ်ပိုင်း သက်ဆိုင်သည်ဟု မန်ယူ အမှုဆောင် အရာရှိချုပ် အက်ဒ်ဝုဒ်ဝါးဒ်က ရှင်းပြထားသည်။