News

POST TYPE

SPORTS

မက်ဆီထက် ပိုမိုသာလွန်သည့် ကစားသမားများ မွေးထုတ်မည်ဟု ကင်ဂျုံအန် ကတိပြု

ဘာစီလိုနာ၊ မေ ၁၆

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်သည် ၎င်းတို့နိုင်ငံရှိ ပြုံးယမ်းဘောလုံးသင်တန်းကျောင်းမှနေ၍ ဘာစီလိုနာ တိုက်စစ်မှူး မက်ဆီထက် အရည်အချင်း သာလွန်သည့် ကစားသမားများ ထွက်ပေါ်လာစေရမည်ဟု ကတိပြု ပြောကြားလိုက်ကြောင်း Marca က ဖော်ပြထားသည်။

မြောက်ကိုရီးယား လက်ရွေးစင် ဘောလုံးအသင်းသည် လွန်ခဲ့သည့်နှစ် ၅၁ နှစ်က ကျင်းပခဲ့သော ၁၉၆၆ ခုနှစ် ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲတွင် ကွာတားဖိုင်နယ် အဆင့်သို့ တက်လှမ်းရောက်ရှိသည်အထိ အောင်မြင်ခဲ့ဖူးပြီး ယင်းကဲ့သို့သော အောင်မြင်မှုများကို ပြန်လည် ရယူနိုင်ရန်အတွက် လိုအပ်သည့် ရန်ပုံငွေများကို အစိုးရဘက်က ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း ကင်ဂျုံအန်က ပြောကြားထားသည်။

ကင်ဂျုံအန်သည် မြောက်ကိုရီးယား ဘောလုံးအသင်းကို ပထမအဆင့်အဖြစ် အာရှထိပ်သီး ဖြစ်လာစေရန် ရည်မှန်းထားပြီး ယင်းကတစ်ဆင့် ကမ္ဘာ့အင်အားကြီး ဘောလုံးအသင်းတစ်သင်း ဖြစ်လာစေရန် ဆက်လက် ဆောင်ရွက်သွားမည်ဟု ၎င်းက မူဝါဒ ချမှတ်ထားသည်။

မြောက်ကိုရီးယားသည် လက်ရှိတွင် ကမ္ဘာ့အဆင့် ၁၂၆ နေရာ၌ ရပ်တည်နေပြီး ၎င်း၏အထက် ကမ္ဘာ့အဆင့် ၁၂၅ နေရာတွင် အာမေးနီးယားအသင်းကလည်းကောင်း၊ ၎င်း၏အောက်ကမ္ဘာ့အဆင့် ၁၂၇ နေရာတွင် အီသီယိုးပီးယား အသင်းကလည်းကောင်း အသီးသီး ရပ်တည်လျက် ရှိကြသည်။

ပြုံးယမ်း အပြည်ပြည်ဆိုင်ရာ ဘောလုံးသင်တန်းကျောင်းကို နည်းပြအဖြစ် တာဝန်ယူထားသည့် ယုဟီက သတင်းမီဒီယာများနှင့် တွေ့ဆုံခဲ့ရာတွင် “ခေါင်းဆောင်ကြီးက နိုင်ငံရဲ့ဘောလုံးအဆင့်အတန်း တိုးတက်လာစေဖို့ လမ်းညွှန်ထားပါတယ်။ ကျွန်တော်တို့ရဲ့ လူငယ်တွေကို မက်ဆီထက်ပိုပြီး ပါရမီ အရည်အသွေး မြင့်မားတဲ့ ကစားသမားတွေ ဖြစ်လာစေဖို့ လေ့ကျင့်ပေးနေပါပြီ”ဟု ပြောကြားသွားခဲ့သည်။