POST TYPE

SPORTS

ဘာစီလိုနာနှင့် ဘိုင်ယန်မြူးနစ်တို့ကို တာဝန်ယူမည်ဆိုပါက ထုတ်ပယ်ခံရလောက်ပြီဟု ဂွါဒီယိုလာ ဝန်ခံ

မန်ချက်စတာ၊ မေ ၁၆

မန်စီးတီးနည်းပြ ဂွါဒီယိုလာသည် ၎င်းအနေနှင့် လက်ရှိတွင် ဘာစီလိုနာနှင့် ဘိုင်ယန်မြူးနစ်တို့ကို ကိုင်တွယ်နေမည်ဆိုပါက ရာထူး ထုတ်ပယ်ခံရသည့် အခြေအနေကို ရင်ဆိုင်ရလောက်ပြီး ဖြစ်သည်ဟု ဖွင့်ဟဝန်ခံလိုက်ပြီး မန်စီးတီးက ၎င်းကို ဒုတိယတစ်ကြိမ် အခွင့်အရေး ထပ်ပေးသည်ဟု ခံယူထားကြောင်း ဂွါဒီယိုလာက အသိပေးသွားခဲ့သည်ဟု Mail Online က ဖော်ပြထားသည်။

ဂွါဒီယိုလာသည် လက်ရှိ ဘောလုံးရာသီတွင် ၎င်း၏နည်းပြဘဝ ဖြတ်သန်းမှုအတွင်း ဆုဖလားလက်မဲ့ ဘောလုံးရာသီကို ပထမဆုံးအကြိမ် ရင်ဆိုင်လိုက်ရပြီဖြစ်ကာ ချန်ပီယံလိဂ်ပြိုင်ပွဲ ပါဝင်ကစားခွင့် တစ်နေရာစာ သေချာစေရန်အတွက်လည်း မန်စီးတီးက ယခုအချိန်တိုင်သည်အထိ တိုက်ပွဲဝင်နေရဆဲဖြစ်သည်။

မန်စီးတီးသည် လက်ရှိ ဘောလုံးရာသီတွင် ချန်ပီယံလိဂ်ပြိုင်ပွဲ၌ ၁၆ သင်း ရှုံး ထွက်အဆင့်၊ အက်ဖ်အေ ဖလားပြိုင်ပွဲ၌ ဆီမီးဖိုင်နယ်အဆင့်၊ လိဂ်ဖလားပြိုင်ပွဲ၌ စတုတ္ထအဆင့်များသို့ တက်ရောက်နိုင်ခဲ့ပြီး လာမည့် ဘောလုံးရာသီတွင် ၎င်းအနေနှင့် အသင်းအတွက် ရလဒ်ကောင်း ရယူပေးနိုင်ခြင်း မရှိပါက ရာထူး ထုတ်ပယ်ခံရသည့် အခြေအနေမျိုး ဖြစ်လာနိုင်သည်ဟုလည်း ဂွါဒီယိုလာက ပြောကြားထားပြီဖြစ်သည်။

သတင်းမီဒီယာများနှင့် တွေ့ဆုံခဲ့ရာတွင် ဂွါဒီယိုလာက “ထိပ်သီး အသင်းကြီး တစ်သင်းမှာသာဆိုရင် ကျွန်တော်က ရာထူး ထုတ်ပယ်ခံရပြီးပါပြီ။ ဘာစီလိုနာနဲ့ ဘိုင်ယန်မြူးနစ်တို့မှာ ပေါ်လစီက ရှင်းပါတယ်။ အသင်းကို အောင်မြင်မှုရအောင် လုပ်မပေးနိုင်ရင် အဲ့ဒီနည်းပြဟာ ရာထူးက ထွက်ပေးရတာပါပဲ။ မန်စီးတီးကတော့ ကျွန်တော့်ကို ဒုတိယတစ်ကြိမ် အခွင့်အရေး ထပ်ပေးထားတယ်လို့ပဲ ယူဆမိပါတယ်။ လာမယ့် ဘောလုံးရာသီမှာ အခုထက်ပိုပြီး ကောင်းမွန်အောင် ကျွန်တော် လုပ်ပြရတော့မှာပါ။ ဒါမှမဟုတ်ရင် ရာထူး ထုတ်ပယ်ခံရတဲ့ အခြေအနေကို ကျွန်တော် မလွဲမသွေ ရင်ဆိုင်ရပါလိမ့်မယ်”ဟု ပြောကြားသွားခဲ့သည်။

ဂွါဒီယိုလာသည် အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးက မန်စီးတီး၊ လီဗာပူးတို့နှင့် လက်ကျန်ပွဲစဉ်များ ယှဉ်ပြိုင်ရမည့် အသင်းငယ်များကို အာရုံစူးစိုက်မှု အပြည့်ဖြင့် ကစားပေးပါရန် တိုက်တွန်း တောင်းဆိုလိုက်သည့် စကားများကိုလည်း ပြန်လည် တုံ့ပြန်လိုက်ပြီဖြစ်ပြီး ၎င်းကမူ အသင်းအားလုံးမှာ အနိုင်ရလိုစိတ် အပြည့်ဖြင့် ကစားနေဆဲဖြစ်သည်ဟု မှတ်ယူထားကြောင်း ဂွါဒီယိုလာက ပြောကြားသွားခဲ့သည်။

သတင်းထောက်များနှင့် တွေ့ဆုံခဲ့ရာတွင် ဂွါဒီယိုလာက “အာစင်ဝင်းဂါး ပြောတာတွေကို ကျွန်တော် လက်မခံနိုင်ပါဘူး။ အသင်းအားလုံးဟာ နိုင်ပွဲရလိုစိတ်နဲ့ ကစားနေကြတာကို ကျွန်တော် မြင်တွေ့နေရပါတယ်။ သူပြောသလိုသာဆိုရင် အာဆင်နယ်ရဲ့ လက်ကျန်ပွဲတွေက ကျွန်တော်တို့ထက် ပိုချောင်ပါတယ်။ ဆန်းဒါးလန်းက တန်းဆင်းသွားရပြီဖြစ်သလို အဲဗာတန်က ယူရိုပါလိဂ် ဝင်ခွင့်ရထားပြီးပါပြီ။ အဲ့ဒီနှစ်သင်းဟာ ဘာအတွက်ကိုမှ တိုက်ပွဲဝင်စရာ မလိုတော့ပါဘူး”ဟု အသိပေးသွားခဲ့သည်။