News

POST TYPE

SPORTS

ထိုးကြိတ်ခဲ့သည့် ဘော့စနီးယား အမျိုးသမီး ဘောလုံးကစားသမား ရာသက်ပန် ပိတ်ပင်ခံရ
16-May-2017 tagged as

ဆာရာဂျေဗို၊ မေ ၁၆

ဘော့စနီးယား အဆင့်မြင့်တန်း အမျိုးသမီး ဘောလုံးပြိုင်ပွဲ၏ ပွဲစဉ်တစ်ခုဖြစ်သော ဇယ်လ်ဂျက်ဇ်နီကာနှင့် အမ်လာဒေါ့စ်တို့ ယှဉ်ပြိုင် ကစားခဲ့သည့်ပွဲစဉ်တွင် ပြိုင်ဘက်အသင်း ကစားသမားကို မြေပေါ်တွန်းလှဲကာ ထိုးကြိတ်ခဲ့သည့် ဇယ်လ်ဂျက်စ်နီကာ နောက်ခံကစားသမား ဆီကာဆစ်ကို ဘော့စနီးယား ဘောလုံးအဖွဲ့ချုပ် စည်းကမ်းထိန်းသိမ်းရေး ကော်မတီက ရာသက်ပန် ပွဲကစားခွင့် ပိတ်ပင်လိုက်ကြောင်း Daily Star က ဖော်ပြထားသည်။

ဆီကာဆစ်သည် အမ်လာဒေါ့စ် အသင်းကစားသမား ဂျူဘာနိုဗစ်ကို တွန်းလှဲကာ ထိုးကြိတ်ခဲ့ခြင်းဖြစ်ပြီး ဒိုင်အဖွဲ့ဝင်များနှင့် နှစ်ဖက် အသင်းကစားသမားများမှာ ၎င်းတို့နှစ်ဦး၏ ရန်ပွဲကို ခက်ခက်ခဲခဲ ဖျန်ဖြေဟန့်တား ထိန်းချုပ်လိုက်ကြရသည်။

ကွင်းလယ်ဒိုင်လူကြီးသည် ရန်ပွဲကို ဖျန်ဖြေအပြီးတွင် ဆီကာဆစ်ကို တိုက်ရိုက် အနီကတ်ပြသ ထုတ်ပယ်လိုက်ပြီး ဖြစ်စဉ်ကို ပွဲအပြီး အစီရင်ခံစာတွင် ဒိုင်လူကြီးက ထည့်သွင်း ဖော်ပြခဲ့သည့်အတွက် ဘော့စနီးယား စည်းကမ်းထိန်းသိမ်းရေး ကော်မတီက ဆီကာဆစ်ကို စွဲချက်တင်ကာ ပြစ်ဒဏ် ချမှတ်လိုက်ခြင်းဖြစ်သည်။

သတင်းမီဒီယာများနှင့် တွေ့ဆုံခဲ့ရာတွင် ဆီကာဆစ်က “အနီကတ် ဟုတ်လား။ ကျွန်မ သူ့ကို ထိုးခဲ့တာနဲ့ယှဉ်ရင် အဲ့ဒါက ဘာမှမဟုတ်ပါဘူး”ဟု ပြောကြားသွားခဲ့ပြီး အမ်လာဒေါ့စ် အသင်းတာဝန်ရှိသူများမှာ ယင်းပြောကြားချက်အတွက် ဆီကာဆစ်ကို အလွန်အမင်း ဒေါသပေါက်ကွဲနေကြသည်။

အမ်လာဒေါ့စ် အသင်းသည် ဆီကာဆစ်နှင့် ဂျူဘာနိုဗစ်တို့၏ ရန်ပွဲဖြစ်စဉ်နှင့်စပ်လျဉ်း၍ ကြေညာချက်တစ်စောင် ထုတ်ပြန်ထားပြီး ယင်းကြေညာချက်တွင် အမ်လာဒေါ့စ်က “လက်မခံနိုင်စရာ အပြုအမူပါပဲ။ မီဒီယာတွေရှေ့မှာ ဆီကာဆစ် ဖြေကြားသွားတာတွေက လုံးဝကို စိတ်ပျက်စရာ ကောင်းလှပါတယ်။ တကယ်က သူ့အပြုအမူအတွက် ဂျူဗာနိုဗစ်ကို ပြန်တောင်းပန်တာမျိုး လုပ်ရမှာပါ။ ဆီကာဆစ်ရဲ့ ပြောစကားတွေအရ ဒီလုပ်ရပ်အတွက် သူနောင်တရပုံ၊ အရှက်ရပုံ မပေါ်ပါဘူး”ဟု ဖော်ပြထားသည်။

  • TAGS