News

POST TYPE

SPORTS

ရိုဒရီဂွက်ဇ် မန်ယူသို့ ပြောင်းရွှေ့မည်၊ ချန်ပီယံလိဂ်ဗိုလ်လုပွဲ အပြီးတွင် သတင်း အတည်ပြုဖွယ်ရှိ
16-May-2017 tagged as

မန်ချက်စတာ၊ မေ ၁၆

ရီးရဲလ်မက်ဒရစ် ကွင်းလယ်ကစားသမား ရိုဒရီဂွက်ဇ်သည် မန်ယူသို့ ပြောင်းရွှေ့ရန် အပြီးသတ် သဘောတူညီမှုများ ရရှိသွားခဲ့ပြီဖြစ်ကာ အပြောင်းအရွှေ့ အတည်ပြုချက်များကို ချန်ပီယံလိဂ် ဗိုလ်လုပွဲအပြီးတွင် ရီးရဲလ်မက်ဒရစ်က ထုတ်ပြန် ကြေညာပေးလိမ့်မည်ဖြစ်ကြောင်း Sportmail က ဖော်ပြထားသည်။

ရိုဒရီဂွက်ဇ် အပြောင်းအရွှေ့ကို အတည်ပြုမည့်ရက်သည် ဥရောပ သတင်းမီဒီယာများနှင့် တောင်အမေရိက သတင်းမီဒီယာများ အကြားတွင် ကွဲလွဲမှုများရှိနေပြီး ကိုလံဘီယာအခြေစိုက် Caracol သတင်းဌာနကမူ ရိုဒရီဂွက်ဇ် အပြောင်းအရွှေ့ကို လာမည့် တနင်္ဂနွေနေ့တွင် မာလာဂါနှင့် ယှဉ်ပြိုင် ကစားမည့် လာလီဂါပွဲစဉ်အပြီး၌ ရီးရဲလ်မက်ဒရစ်က ထုတ်ပြန်ကြေညာဖွယ် ရှိနေသည်ဟု ရေးသားထားသည်။

ရိုဒရီဂွက်ဇ်သည် ရီးရဲလ်မက်ဒရစ်က ဆီဗီလာကို လေးဂိုး တစ်ဂိုးဖြင့် အနိုင်ရခဲ့သည့် လာလီဂါပွဲစဉ်တွင် ၎င်းကို လူစားလဲလှယ်လိုက်ချိန်၌ အသင်းပိုင် ဘာနေဗျူး ဘောလုံးကွင်း၏ လေးဘက်လေးတန်သို့ သွားရောက်၍ ပရိသတ်များကို လက်ခုပ်တီး နှုတ်ဆက်ခဲ့ကာ ရီးရဲလ်မက်ဒရစ်နှင့် မန်ယူအကြားတွင် ရိုဒရီဂွက်ဇ် အပြောင်းအရွှေ့အတွက် ပြောင်းရွှေ့ကြေး ပမာဏ ပေါင် ၆၅ သန်းဖြင့် သဘောတူညီမှု ရခဲ့ခြင်းဖြစ်သည်ဟု စပိန်သတင်းစာ Marca က အသိပေးထားသည်။

ရိုဒရီဂွက်ဇ်သည် လက်ရှိ ဘောလုံးရာသီတွင် ရီးရဲလ်မက်ဒရစ်အတွက် ပြိုင်ပွဲ အရပ်ရပ်၌ ပွဲစဉ်ပေါင်း ၃၂ ပွဲ ပါဝင် ကစားပေးခွင့် ရထားပြီးဖြစ်ကာ ယင်းပွဲစဉ် ၃၂ ပွဲအနက် ပွဲ ၂၀ ကို ရိုဒရီဂွက်ဇ်က ပွဲထွက် ကစားသမားအဖြစ် ကစားခဲ့ရခြင်း ဖြစ်သည်။

ရိုဒရီဂွက်ဇ်သည် ၎င်းပါဝင်ကစားခွင့် ရခဲ့သည့် ပွဲစဉ်ပေါင်း ၃၂ ပွဲတွင် ရီးရဲလ်မက်ဒရစ်အတွက် သွင်းဂိုး ၁၁ ဂိုး၊ ဂိုး ဖန်တီးမှု ၁၃ ကြိမ် ရယူပံ့ပိုး ပေးနိုင်ခဲ့ပြီး မန်ယူမှာ လာမည့်နွေရာသီကာလ ကစားသမား အပြောင်းအရွှေ့ ဈေးကွက်ဖွင့်လှစ်ချိန်တွင် အသင်းခေါင်းဆောင် ရူနီကို အသင်းပြောင်းစေ၍ ရူနီ၏ကျောနံပါတ် ၁၀ ကို ရိုဒရီဂွက်ဇ်ထံ လွှဲပြောင်း ပေးအပ်လိမ့်မည်ဟုလည်း သတင်းများ ထွက်ပေါ်နေသည်။

  • TAGS