News

POST TYPE

SPORTS

ပရီးမီးယားလိဂ်ပွဲစဉ်များကို မကစားလိုတော့ကြောင်း မော်ရင်ညို အသိပေး
လန်ဒန်၊ မေ ၁၅

မန်ယူနည်းပြ မော်ရင်ညိုသည် စပါးက မန်ယူကို နှစ်ဂိုး တစ်ဂိုးဖြင့် အနိုင်ယူသွားခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ် အပြီးတွင် သတင်းမီဒီယာများနှင့် တွေ့ဆုံခဲ့ရာ၌ ၎င်းအနေနှင့် ပရီးမီးယားလိဂ်ပွဲစဉ်များကို ဆက်လက်ကစားလိုခြင်း မရှိတော့ကြောင်း ဖွင့်ဟအသိပေးလိုက်သည်ဟု Sky Sports က ဖော်ပြထားသည်။

မော်ရင်ညိုသည် လက်ရှိတွင် အေဂျက်နှင့် ယှဉ်ပြိုင်ရမည့် ယူရိုပါလိဂ်ဗိုလ်လုပွဲအတွက် ရည်ရွယ်၍ အဓိက ကစားသမား အများစုကို အနားပေးထားပြီး ပရီးမီးယားလိဂ်ပွဲစဉ်များ ကစားရသည်မှာ ၎င်းအတွက် အချိန်ဖြုန်းသည်နှင့် အလားသဏ္ဍာန်တူနေကြောင်း မော်ရင်ညိုက ပြောကြားသွားခဲ့သည်။

မော်ရင်ညိုသည် မန်ယူနှင့် ဆဲလ်တာဗီဂိုတို့ တစ်ဖက်တစ်ဂိုးစီ သရေကျခဲ့သည့် ယူရိုပါလိဂ် ကွာတားဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်၏ ပွဲထွက်လူစာရင်းကို ကစားသမားရှစ်ဦး အပြောင်းအလဲလုပ်၍ စပါးကို ရင်ဆိုင်ခဲ့ခြင်း ဖြစ်ပြီး ၎င်းင်းကို လူအများက လောင်းကစားဆန်ဆန် ကစားနေသည်ဟု ဝေဖန်ပြောကြားနေခြင်းများကိုလည်း မော်ရင်ညိုက တုံ့ပြန်လိုက်ပြီဖြစ်သည်။

သတင်းမီဒီယာများနှင့် တွေ့ဆုံခဲ့ရာတွင် မော်ရင်ညိုက “ယူရိုပါလိဂ်ဘက်ကို  ကျွန်တော် အာရုံစိုက်လိုက်တဲ့အတွက် လူတွေက လောင်းကစားဆန်ဆန် ဆုံးဖြတ်ချက် ချလိုက်တယ်လို့ ဝေဖန်ကြပါတယ်။ ကျွန်တော် လောင်းကစား လုပ်နေတာ မဟုတ်ပါဘူး။ ပြိုင်ပွဲကြီးနှစ်ခုကို ကစားသမား ၁၅ ယောက်တည်းနဲ့ ဘယ်နည်းပြကမှ အကောင်းဆုံးဖြစ်အောင် လုပ်မပြနိုင်ပါဘူး။ အခုအချိန်မှာ အသင်းအတွက် အကောင်းဆုံးဖြစ်နိုင်မယ့် လမ်းတစ်ခုကိုပဲ ကျွန်တော် ရွေးပေးရမှာပါ” ဟု ပြောကြားသွားခဲ့သည်။

မန်ယူသည် လက်ရှိတွင် အမှတ်ပေးဇယား၏ အဆင့်လေးနေရာတွင် ရပ်တည်နေသည့် မန်စီးတီးနှင့် ရမှတ် ခုနစ်မှတ် ကွာဟသွားခဲ့ပြီဖြစ်၍ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ယူရိုပါလိဂ်ပြိုင်ပွဲတွင် ချန်ပီယံဖြစ်ခွင့် ရရေးကိုသာ ဦးတည်ရတော့မည် ဖြစ်ကာ စပါးနှင့်ပွဲတွင် ၎င်းအလိုရှိသည့် အခြေအနေတစ်ရပ်ကို ပိုင်ဆိုင်ခဲ့သည့်အတွက် ရလဒ်အရ အရေးနိမ့်သော်လည်း ပျော်ရွှင်မိကြောင်း မော်ရင်ညိုက ဆက်လက်အသိပေးသွားခဲ့သေးသည်။

သတင်းမီဒီယာများနှင့် တွေ့ဆုံခဲ့ရာတွင် မော်ရင်ညိုက “ကျွန်တော်တို့မှာ ပရီးမီးယားလိဂ်ပွဲစဉ်တွေ ကစားရဖို့ ကျန်နေပါသေးတယ်။ ဖြစ်နိုင်ရင် ပရီးမီးယားလိဂ်ပွဲတွေ လုံးဝမကစားချင်တော့ပါဘူး။ စပါးနဲ့ ပွဲရလဒ်ကို ကျေနပ်လားဆိုရင် ကျေနပ်တယ်လို့ပဲ ပြောရမှာပါ။ ကစားသမားတချို့ကို ကျွန်တော် အနားပေးနိုင်ခဲ့တယ်။ ဒဏ်ရာရခဲ့သူ တစ်ယောက်မှ မရှိဘူး။ ဒါဟာ အခုအချိန်မှာ ကျွန်တော်လိုချင်တဲ့ အခြေအနေနဲ့  အဖြေပါပဲ။ ဒါကြောင့် စပါးနဲ့ပွဲက ရလဒ်ကို ကျွန်တော် ကျေနပ်ပါတယ်” ဟု ပြောကြားသွားခဲ့သည်။   

E-11